မျှော်မှန်းချက်အမြင်
မြန်မာ့နိုင်ငံရေးဝန်းကျင်တွင် ဝေါဟာရအသုံးအနှုန်းများသည် အတားအဆီးမဖြစ်စေဘဲ
ပေါင်းကူးတံတား ဖြစ်လာစေရန် မျှော်မှန်းပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် စကားလုံးများက မထိခိုက်စေသော၊ အယူအဆများက မပယ်ထုတ်သော၊ ကြိုတင်ယူဆထားသော အတွေးအမြင်များထက် မျှဝေထားသည့် နားလည်မှုများအပေါ်တွင် ပူးပေါင်းဆောင်ရွက်ရန် တည်ဆောက်ထားသည့်၊ နိုင်ငံရေးဖြစ်လျက်နှင့်ပင်လူသားဆန်မည့် လူမှုဂေဟစနစ်တခု ဖြစ်မြောက်ရေးပင် ဖြစ်သည်။
နိုင်ငံရေး ဝေါဟာရစကားလုံးများသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေများ၊ သမိုင်းကြောင်းများ၊ အဖွဲ့အစည်းများ၊ ဆက်ဆံရေးများနှင့် အာဏာတို့မှ ကင်းကွာ၍ သီးခြားရပ်တည်နေခြင်း မရှိပါ။ ထို့ကြောင့် TCD အတွက်မူ နိုင်ငံရေးအယူအဆများကို ပိုမိုအဓိပ္ပာယ်ရှိလာစေရန် ပြုလုပ်ခြင်းဆိုသည်မှာ ၎င်းတို့ကို မည်သို့ ရှင်သန်ဖြတ်သန်းနေကြသနည်း၊ မည်သို့ အားပြိုင်နေကြသနည်း နှင့် အဖွဲ့အစည်းများ၊ စုပေါင်းလုပ်ဆောင်မှုများအဖြစ်သို့ မည်သို့ အသွင်ပြောင်းလဲနေကြသနည်း ဆိုသည်ကို လေ့လာဆန်းစစ်ခြင်းလည်း ဖြစ်ပါသည်။ "မျှဝေထားသော နားလည်မှု" ဆိုရာတွင် သဘောတူညီမှုရှိရန် မလိုအပ်ပါ။ ယင်းသည် သဘောထားကွဲလွဲမှုများကို ညှိနှိုင်းရန်၊ အားပြိုင်ရန်နှင့် အတူယှဉ်တွဲနေထိုင်ရန်အတွက် လုံလောက်သည့် နားလည်နိုင်စွမ်းရှိစေခြင်း ဟုလည်း အဓိပ္ပာယ်သက်ရောက်နိုင်ပါသည်။
ကြိုးပမ်းမှု
ကျွန်ုပ်တို့အနေဖြင့် သုတေသနပြုခြင်းမှ ရရှိလာသည့် ထိုးထွင်းသိမြင်မှုများနှင့် ဇာတ်အိမ်တည်ဆောက်မှုများ၏ စွမ်းအားကိုယူငင်ကာ နိုင်ငံရေးဝေါဟာရအသုံးများကို ရှုပ်ထွေးမှုများ လျော့ပါးစေခြင်း၊ အာဏာတည်ဆောက်မှုများကို သတိအသိဖြင့် ဝေဖန်နိုင်စေခြင်း၊ အသေးစိတ်ဆွေးနွေးချက်များကို အနှစ်သာရအားကောင်းစေရန် အကူအညီပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် အပြောင်းအလဲကောင်းများ ဖြစ်စေရန် ကြိုးပမ်းနေပါသည်။
ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဤရည်မှန်းချက်က ကျွန်ုပ်တို့အား အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် လောကအမြင်များ၊ နိုင်ငံရေးအာဏာ၊ ပုံစံကွဲပြားနေသော သမိုင်းကြောင်းများ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေများနှင့် လူထုဘဝများအကြားရှိ ဆက်နွယ်မှုများကို လေ့လာဖြစ်စေခဲ့ပါသည်။ ဤကဏ္ဍများသည် တခုနှင့်တခု အပြန်အလှန် သက်ရောက်မှုရှိကြသည်။ မြေယာဆိုသည်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ၊ သမိုင်းကြောင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ စသဖြင့် တပြိုင်နက်တည်း ဖြစ်နေနိုင်သည်။ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် အာဏာကို ခွဲဝေချထားပေးနိုင်သည်။ စီးပွားရေး စီစဉ်ဆောင်ရွက်မှုများသည် နိုင်ငံရေးဖြစ်နိုင်ခြေများကို ပုံဖော်ပေးနိုင်သည်။ အပေါ်ယံအားဖြင့် တူညီသည်ဟု ထင်ရသော နိုင်ငံရေးဘာသာစကားများသည် အလွန်ကွဲပြားခြားနားသော မျှော်လင့်ချက်များကို ဖုံးကွယ်ထားနိုင်ပါသည်။
ကျွန်ုပ်တို့သည် လူငယ်များ၊ အမျိုးသမီးများ၊ လူထုအခြေပြု လှုပ်ရှားသူများ၊ ပညာရေးဆိုင်ရာလုပ်သားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံခေါင်းဆောင်များနှင့် ဖယ်ကြဉ်ခံထားရသူများနှင့် လက်တွဲကာ အဓိပ္ပာယ်ကောက်ယူခြင်း၊ မေးခွန်းထုတ်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ အားပြိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း စသည့် စွမ်းဆောင်ရည်များကို မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကွဲပြားမှုများတွင် ရပ်မနေဘဲ လူသားများ အတူယှဉ်တွဲနေထိုင်ကာ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည့် အခြေအနေများ၊ နိုင်ငံရေးအရ ထိခိုက်နစ်နာမှုများ၊ တရားမျှတမှု၊ အများအကျိုးနှင့် ကွဲပြားသော သမိုင်းကြောင်းများကို လေ့လာရှာဖွေရန် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း၊ ကိုလိုနီအမြင်မှ ရုန်းထွက်သော ရှုထောင့်များ၊ နိုင်ငံရေးအရ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဒေသနှင့်ကိုက်ညီသော အသိပညာများကို အခြေခံအသုံးပြုပါသည်။
ကျွန်ုပ်တို့အနေဖြင့် ရိုးရှင်းသော မေးခွန်းတခုဖြင့် စပါသည်။
နှစ်ပေါင်း ၈၀ နီးပါး ကြာညောင်းခဲ့သော်လည်း မြန်မာနိုင်ငံသည် အဘယ်ကြောင့် တည်ငြိမ်သော နိုင်ငံရေးသဘောတူညီချက်ကို မရရှိနိုင်သေးသနည်း။
ပင်မပြဿနာကြီးတခုအနေဖြင့် ကျွန်ုပ်တို့က "ဝေါဟာရအကျပ်အတည်းနှင့် လောကအမြင်အကျပ်အတည်း" ရှိသည်ဟု ရှုမြင်ပါသည်။ ဆိုလိုသည်က နိုင်ငံရေးအုပ်စုအသီးသီးသည် တူညီသော နိုင်ငံရေးဝေါဟာရများကို အခြေခံအဓိပ္ပာယ်ဖွင့်ဆိုချက်များ မတူညီရုံသာမက သဘောတူမျှမှုမရှိသော အခြေခံနိုင်ငံရေးမျှော်မှန်းချက်များမှတဆင့် အသုံးပြုနေကြသောကြောင့် ဖြစ်သည်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းများကို ဝေါဟာရနှင့် လောကအမြင်ကွဲပြားမှုတခုတည်းဖြင့် ရှင်းလင်းနိုင်မည် မဟုတ်ပါ။ သမိုင်းကြောင်း၊ အာဏာဆက်ဆံရေး၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးစီးပွားများ၊ အဖွဲ့အစည်းတည်ဆောက်ပုံများနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများသည်လည်း အရေးပါလှပါသည်။ သို့သော် TCD က အထူးအာရုံစိုက်လေ့လာသော မကြာခဏ လျစ်လျူရှုခံရသည့် အလွှာတခုမှာ "ဝေါဟာရအကျပ်အတည်းနှင့် လောကအမြင်ကွဲပြားမှု" ဖြစ်ပါသည်ဟုတွေ့ရ၏။
ကျွန်ုပ်တို့ "တံပိုးသံစာစဉ်" သည် နိုင်ငံရေးအနက်အဓိပ္ပာယ်များကို နားလည်မှုအမျိုးမျိုးဖွင့်ဆိုသည့်အဆင့်နှင့် နိုင်ငံရေးထိခိုက်မှုများနည်းပါးရေး လုပ်ဆောင်နေသည့် Civic Knowledge Lab ဖြစ်ပါသည်။ စကားလုံးများ၊ ဖြစ်ရပ်ပြောပြချက်များနှင့် လောကအမြင်များက ပဋိပက္ခ၊ ယုံကြည်မှုနှင့် အာဏာတို့အပေါ် မည်သို့လွှမ်းမိုးနေသည်ကို လေ့လာခြင်းဖြင့် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့် သမိုင်းကြောင်းများကို လူသားဆန်သော ရှုထောင့်မှ ပြန်လည်ဖော်ထုတ်ပေးသည်။ ဤအခြေခံအယူအဆများကို သုတေသနပြု၍ လူ့အဖွဲ့အစည်းများထံ အရောက်ပြန်လည်ပို့ဆောင်ပေးခြင်းဖြင့် ပဋိပက္ခကာကွယ်ရေး၊ ကုစားရေးနှင့် နိုင်ငံရေးအရ ပိုမိုလေးနက်စွာဆုံးဖြတ်မှုပြုလာနိုင်စေရန် အားပေးကူညီပါသည်။ အထူးအားဖြင့် ကိုယ်ကျင့်တရားနှင့် ဉာဏ်ပညာပိုင်းဆိုင်ရာ ကွဲပြားမှုများကို ပေါင်းကူးရန်အတွက် လူမျိုးလူထုလူငယ်များနှင့် အမျိုးသမီးများကို စွမ်းရည်ထောက်ကူမှုပေးခြင်းနှင့် နိုင်ငံရေးအယူအဆများတွင်လည်း အဆင့် ၅ ဆင့် ရှင်းလင်းချက်စာအုပ်များ (5-level Explainers) ကို ထုတ်ဝေပေးခြင်းတို့ ပြုလုပ်နေပါသည်။
လက်ရှိအစီအစဉ်များ
- အသိပညာဖော်ထုတ်ဖန်တီးခြင်းနှင့် သုတေသနပြုခြင်း (နိုင်ငံရေးဝေါဟာရနှင့် ကိုလိုနီလွန်သီအိုရီရှုထောင့်မှ လေ့လာခြင်းများ၊ ဟောပြောချက်များလေ့လာခြင်း (CDA)၊ နှုတ်သမိုင်းစုစည်းခြင်း)
- သုတဖြန့်ဝေခြင်းနှင့် လူထုပညာရေး (စာအုပ်ထုတ်ဝေခြင်း၊ အွန်လိုင်းစာရေးဖြန့်ဝေခြင်း၊ သင်တန်းများပေးခြင်း၊ သတင်းဆောင်းပါးများ)
- ပူးပေါင်းလေ့လာမှု၊ လူထုအမြင်နှင့် အသိုက်အမြုံများစုစည်းခြင်း (ဒဿနဆုံရပ်-သောကြာနေ့ညစကားဝိုင်း၊ ကွန်ယက်ချိတ်ဆက်ရေး)