မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲများ

မြန်မာ့ရွေးကောက်ပွဲဆိုတာ လှောင်အိမ်လား၊ လွတ်လမ်းလား

ပြည်ထောင်စုတွင်း ရွေးကောက်ပွဲများသမိုင်းကို ပြန်ကြည့်ခြင်း

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာခဲ့ပေမယ့်၊ ဒီနိုင်ငံတော်ကြီးဟာ ဗြိတိသျှနဲ့ ဂျပန်တို့ ချန်ထားခဲ့တဲ့ အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်တွေ၊ သူတို့ရဲ့ လောကအမြင်တွေနဲ့ ဗဟုသုတတွေပေါ်မှာ တည်ဆောက်ခဲ့ရတာပါ။


မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းတလျှောက်မှာ ရွေးကောက်ပွဲ ဆိုတာဟာ အာဏာရယူလိုသူတွေအတွက် သူတို့ရဲ့ အာဏာကို တရားဝင်ဖြစ်အောင် ကြိုးစားတဲ့ ကိရိယာတခု ဖြစ်ခဲ့သလို၊ တချိန်တည်းမှာပဲ ပြည်သူလူထုက ကိုယ်ပိုင်အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရဖို့ တောင်းဆိုခဲ့တဲ့ စစ်မျက်နှာပြင် တခုလည်း ဖြစ်ခဲ့ပါတယ်။


ကိုလိုနီခေတ်အစ ၁၉၂၂ ခုနှစ်ကနေ စစ်ကောင်စီက ၂၀၂၅ မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအထိ ရေတွက်ကြည့်ရင် မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီးပေါင်း (၁၇) ကြိမ်ခန့် ရှိခဲ့ပြီ။ သို့သော် ဒီရွေးကောက်ပွဲတွေဟာ ကိုလိုနီစနစ်က ချုပ်ကိုင်ထားတဲ့ အုပ်ချုပ်မှုပုံစံခွက် (Colonial Matrix of Power) ထဲကနေ တကယ်တမ်း လွတ်မြောက်နိုင်ခဲ့ခြင်း ရှိ၊ မရှိဆိုတာကတော့ Decoloniality ရှုထောင့် ကနေ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။


၁။ ကိုလိုနီခေတ်ဦး ရွေးကောက်ပွဲများ (၁၉၂၂ - ၁၉၃၆)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲစနစ်ကို ဗြိတိသျှကိုလိုနီအစိုးရက ၁၉၂၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂ နဲ့ ၁၉၃၆ ခုနှစ်တွေမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ မြန်မာပြည်သူတွေကို ဒီမိုကရေစီ လေ့ကျင့်ပေးဖို့ထက် ကိုလိုနီအုပ်ချုပ်ရေး ယန္တရား ဆက်လက်လည်ပတ်နိုင်ဖို့ ‘စီမံခန့်ခွဲရေးနည်းလမ်း’ (Administrative Tool) တခုအဖြစ်သာ အသုံးချခဲ့ခြင်း ဖြစ်ပါတယ်။

ဗြိတိသျှတို့က "လူမျိုးအလိုက် မဲဆန္ဒနယ်များ (Communal Representation)" ကို ဖန်တီးခဲ့ပါတယ်။ ကရင်၊ အိန္ဒိယ၊ ဥရောပသား၊ ကုန်သည်ကြီးများ စသဖြင့် သီးခြားခွဲထုတ်ပြီး မဲပေးစေခဲ့တာဟာ ကိုလိုနီစနစ်ရဲ့ အသက်ဖြစ်တဲ့ "သွေးခွဲအုပ်ချုပ်ခြင်း (Divide and Rule)" ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ဖြစ်စေခဲ့တာပါ။ ဒါပေမယ့် ဗြိတိသျှထဲမှာလည်း ဒီလိုလုပ်သင့်တယ်လို့ ဆန္ဒကောင်းနဲ့ တကယ်ယုံကြည်တဲ့သူတွေ ရှိပါတယ်။ (ဗြိတိသျှတွေဟာ အစပိုင်းက မလိုချင်ပေမယ့် လူများစု ဗမာတွေရဲ့ လွှမ်းမိုးမှုနဲ့ စီးပွားရေး တည်ငြိမ်ရေးကို ထိန်းချင်တဲ့ နိုင်ငံရေးလက်တွေ့ကျမှုအရ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ အသံ မပျောက်အောင်နဲ့ အုပ်ချုပ်ရေးမရပ်သွားအောင် ရည်ရွယ်ပြီး Paternalistic အမြင်နဲ့ လူမျိုးအလိုက် မဲဆန္ဒနယ် ခွဲပေးခဲ့တာ ဖြစ်ပါတယ်လို့ ဝှိုက်နဲ့ ဆိုင်မွန် ကော်မရှင် အစီရင်ခံစာတွေက ဖော်ပြပါတယ်။)


၂။ လွတ်လပ်ရေးနှင့် နိုင်ငံတည်ဆောက်ရေး (၁၉၄၇ - ၁၉၆၀)

၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲဟာ ကိုလိုနီဘဝကနေ လွတ်မြောက်ဖို့အတွက် အဓိကကြိုးပမ်းမှုတခုဖြစ်ခဲ့ပေမယ့် ဗြိတိသျှတို့ ချမှတ်ခဲ့တဲ့ ပါလီမန်ဒီမိုကရေစီ ပုံစံခွက် အတိုင်းပဲ သွားခဲ့ရပါတယ်။ ၁၉၅၁-၅၂၊ ၁၉၅၆ နဲ့ ၁၉၆၀ ရွေးကောက်ပွဲတွေဟာ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အနှစ်သာရကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့်၊ ဗဟိုမှ အာဏာချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးယန္တရား (Centralized Bureaucracy) ကတော့ ကိုလိုနီခေတ်ကအတိုင်း အားကောင်းနေဆဲ ဖြစ်ပါတယ်။


၃။ တပါတီအာဏာရှင်စနစ်နှင့် ဟန်ပြရွေးကောက်ပွဲများ (၁၉၇၄ - ၁၉၈၅)

၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုလိုနီဆန့်ကျင်ရေးနဲ့ ဆိုရှယ်လစ်စနစ်ကို ကြွေးကြော်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ကိုလိုနီဘုရင်ခံလိုမျိုး အာဏာအပြည့်အဝ လွှမ်းမိုးထားတဲ့ ‘တော်လှန်ရေးကောင်စီ’ နဲ့ ‘မဆလပါတီ’ ဥက္ကဋ္ဌက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁ နဲ့ ၁၉၈၅ ရွေးကောက်ပွဲတွေဟာ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ဖို့ မဟုတ်ဘဲ၊ အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဝင်အောင် လုပ်ဆောင်တဲ့ ရိုးရာဓလေ့ (Ritual) သက်သက်သာ ဖြစ်ခဲ့ပါတယ်။


၄။ စစ်ဘက်ဗျူရိုကရေစီနှင့် ဒီမိုကရေစီ အားပြိုင်ပွဲ (၁၉၉၀ - ၂၀၂၀)

၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတို့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထူးခြားဆုံး မှတ်တိုင်တွေပါ။ ထိုရွေးကောက်ပွဲနှစ်ခုစလုံးမှာ ပြည်သူလူထုက စစ်တပ်ရဲ့ လွှမ်းမိုးမှုကို မဲဆန္ဒနဲ့ အတိအလင်း ငြင်းပယ်ခဲ့ကြပါတယ်။ သို့သော် စစ်တပ်က ၁၉၉၀ ရလဒ်ကို လုံးဝ လျစ်လျူရှုခဲ့သလို၊ ၂၀၂၀ ရလဒ်ကိုလည်း "မဲမသမာမှု" လို့ ခေါင်းစဉ်တပ်ပြီး ပယ်ဖျက်ခဲ့ပါတယ်။

အဖွဲ့အစည်းဆိုင်ရာ ဝေဖန်သုံးသပ်ချက် (Institutional Critique) လုပ်ရရင် ဒီဖြစ်ရပ်တွေက မြန်မာ့ရွေးကောက်ပွဲ ကော်မရှင် (UEC) လိုမျိုး အဖွဲ့အစည်းတွေဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘဲ၊ အာဏာရသူတွေရဲ့ စိတ်ကြိုက် ခြယ်လှယ်နိုင်တဲ့ နိုင်ငံရေးယန္တရားများ (Political Apparatus) သာ ဖြစ်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်လို့ ပြောရပါလိမ့်မယ်။ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တပ်မတော်သား ၂၅% ပါဝင်နေတာဟာလည်း ကိုလိုနီခေတ်က ဘုရင်ခံက ခန့်အပ်တဲ့သူတွေ လွှတ်တော်ထဲမှာ နေရာယူခဲ့တဲ့ ပုံစံကို "ပြည်တွင်း ကိုလိုနီပြုခြင်း (Internal Colonization)" ပုံစံနဲ့ ပြန်လည်အသက်သွင်းထားခြင်းပဲ ဖြစ်ပါတယ်။


၅။ လက်ရှိအခြေအနေနှင့် ၂၀၂၅ အလားအလာ

အခု စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အထူးခြားဆုံးကတော့ ယခင် ကျင့်သုံးခဲ့တဲ့ "နိုင်သူအကုန်ယူစနစ် (FPTP)" ကနေ "Mixed-Member Proportional (MMP) စနစ်" ကို ပြောင်းလဲဖို့ စီစဉ်နေတာနဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေကို တင်းကျပ်လိုက်တာပဲ ဖြစ်ပါတယ်။


သမိုင်းအမြင်အရ ကြည့်မယ်ဆိုရင်လည်း ကိုလိုနီခေတ်တုန်းက ဗြိတိသျှတွေက တိုင်းရင်းသားနဲ့ ဗမာတွေကို ခွဲထုတ်ထားဖို့ မဲဆန္ဒနယ်မြေတွေကို လိုသလို ကစားခဲ့သလို၊ အခု စစ်ကောင်စီကလည်း ပြည်သူလူထု ထောက်ခံမှုရတဲ့ ပါတီကြီးတွေ အာဏာမရစေဖို့နဲ့ ကိုယ်နဲ့ နီးစပ်တဲ့ ပါတီငယ်တွေ အသက်ရှူချောင်စေဖို့အတွက် ရွေးကောက်ပွဲစနစ်ကို "အင်ဂျင်နီယာ" လုပ်နေခြင်း (Electoral Engineering) ဖြစ်တယ်လို့ ရှုမြင်နိုင်ပါတယ်။


ပြောရရင် မြန်မာ့ရွေးကောက်ပွဲ သမိုင်းကြောင်းဟာ ရိုးရိုးရှင်းရှင်း "မဲပေးခြင်း" သက်သက် မဟုတ်ခဲ့ပါဘူး။ ဒါဟာ အုပ်ချုပ်သူလူတန်းစားက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် တည်ဆောက်ထားတဲ့ "အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံများ" နဲ့ ပြည်သူလူထုရဲ့ "လွတ်မြောက်လိုတဲ့ ပြင်းပြတဲ့ လိုလားချက်" တို့အကြား အမြဲတမ်း အားပြိုင်နေခဲ့တဲ့ သမိုင်းမှတ်တမ်းကြီးသာ ဖြစ်ခဲ့ရပါတယ်လို့ဆိုလို့ရပါတယ်။



ပြည်ထောင်စုတွင်း ရွေးကောက်ပွဲများ

၁။ ကိုလိုနီခေတ် (ဒိုင်အာခီ နှင့် ၉၁ ဌာနအုပ်ချုပ်ရေး)

ဗြိတိသျှတို့ စတင်မိတ်ဆက်ခဲ့သော ကန့်သတ်ချက်များစွာပါသည့် ရွေးကောက်ပွဲများ ဖြစ်သည်။


၂။ လွတ်လပ်ရေးရပြီးခေတ် (ပါလီမန်ဒီမိုကရေစီ)

ဖဆပလ အစိုးရ (AFPFL) ကြီးစိုးသော ကာလဖြစ်သည်။

  • ၁၉၄၇ ခုနှစ် - တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ။ (ဖဆပလ အပြတ်အသတ် အနိုင်ရ၊ လွတ်လပ်ရေးအတွက် အခြေခံဥပဒေရေးဆွဲရန် ကျင်းပ)
  • ၁၉၅၁-၁၉၅၂ ခုနှစ် - ပထမအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲ။ (ပြည်တွင်းစစ်ကြောင့် ၁ နှစ်ကျော်ကြာ အပိုင်းလိုက်ခွဲကျင်းပ၊ ဖဆပလ အနိုင်ရ)
  • ၁၉၅၆ ခုနှစ် - ဒုတိယအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲ။ (ဖဆပလ အနိုင်ရသော်လည်း အတိုက်အခံ ပမညတ မဲအများအပြားရရှိ)
  • ၁၉၆၀ ခုနှစ် - တတိယအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲ။ (အိမ်စောင့်အစိုးရက ကျင်းပပေး၊ သန့်ရှင်း ဖဆပလ (ပထစ) အနိုင်ရ)


၃။ မဆလခေတ် (တပါတီ အာဏာရှင်စနစ်)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တခုတည်းသာ ယှဉ်ပြိုင်ခွင့်ရှိသော ရွေးကောက်ပွဲများ ဖြစ်သည်။

  • ၁၉၇၄ ခုနှစ် - ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ။
  • ၁၉၇၈ ခုနှစ် - ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ။
  • ၁၉၈၁ ခုနှစ် - တတိယအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ။
  • ၁၉၈၅ ခုနှစ် - စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ။


၄။ တပ်မတော်အစိုးရနှင့် အသွင်ကူးပြောင်းရေးကာလ


၅။ ဒီမိုကရေစီတပိုင်းအစိုးရသက်တမ်းကာလများ

  • ၂၀၁၅ ခုနှစ် - ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ။ (NLD သောင်ပြိုကမ်းပြို အနိုင်ရ၊ အစိုးရဖွဲ့နိုင်)
  • ၂၀၁၇ ခုနှစ် - ကြားဖြတ်ရွေးကောက်ပွဲ။ (၁၉ နေရာတွင် NLD ၉ နေရာ၊ တိုင်းရင်းသားပါတီများ ၈ နေရာရ)
  • ၂၀၁၈ ခုနှစ် - ကြားဖြတ်ရွေးကောက်ပွဲ။ (၁၃ နေရာတွင် NLD ၇ နေရာ၊ USDP ၃ နေရာ၊ တိုင်းရင်းသားပါတီ ၃ နေရာရ)
  • ၂၀၂၀ ခုနှစ် - ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ။ (NLD သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရ၊ စစ်တပ်က မဲစာရင်းမှားသည်ဟုဆိုကာ ၂၀၂၁ တွင် အာဏာသိမ်းပြီး ရလဒ်ဖျက်သိမ်း)


၆။ စစ်ကောင်စီ လက်ထက် (စီစဉ်ဆဲ)

  • ၂၀၂၅-၂၀၂၆ ခုနှစ် (လျာထား) တွင် အာဏာသိမ်း စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသော ရွေးကောက်ပွဲ။ (PR စနစ် ပြောင်းလဲကျင်းပရန်နှင့် အပိုင်းလိုက်ခွဲခြား ကျင်းပရန် စီစဉ်ထား)


ရွေးကောက်ပွဲနည်းနာများ

၁။ Communal Representation (လူမျိုး/အသိုင်းအဝိုင်းအလိုက် ကိုယ်စားပြုစနစ်)

  • ခေတ်ကာလ - ကိုလိုနီခေတ် (၁၉၂၂ မှ ၁၉၃၆ ကာလ ရွေးကောက်ပွဲများ)။
  • ပုံစံ - မဲဆန္ဒနယ်များကို ပထဝီမြေပြင်အလိုက်သာမက လူမျိုးနှင့် အလုပ်အကိုင်အလိုက် သီးခြား ခွဲခြားသတ်မှတ်သည်။
  • ကျင့်သုံးပုံ - "အထွေထွေမဲဆန္ဒနယ်" များအပြင် ကရင်၊ အိန္ဒိယ၊ ဥရောပ၊ အင်္ဂလိပ်ကပြား စသည့် လူမျိုးများအတွက် သီးခြားနေရာများ ဖယ်ပေးထားသည်။ ထို့ပြင် ကုန်သည်ကြီးများအသင်း၊ တက္ကသိုလ် စသည်တို့အတွက်လည်း သီးခြားနေရာများ ရှိသည်။ သက်ဆိုင်ရာ လူမျိုး/အသင်းဝင်များကသာ ထိုနေရာများကို မဲပေးခွင့်ရှိသည်။
  • ဤပုံစံသည် PR စနစ်မဟုတ်ပါ။ အချို့က PR ဟု ရေးတတ်ကြသော်လည်း ကွဲပြားသည့်စနစ်သာ ဖြစ်သည်။


၂။ First-Past-The-Post (FPTP - မဲအများဆုံးရသူ အနိုင်ယူစနစ်)

  • ခေတ်ကာလ - လွတ်လပ်ရေးရပြီးခေတ် (၁၉၄၇) မှ ၂၀၂၀ ရွေးကောက်ပွဲအထိ (မဆလခေတ်မှလွဲ၍)။
  • ပုံစံ - "နိုင်သူအကုန်ယူ" ဟုလည်း ခေါ်သည်။
  • ကျင့်သုံးပုံ - မဲဆန္ဒနယ်တခုတွင် ကိုယ်စားလှယ်လောင်း တဦးတည်းကိုသာ ရွေးချယ်သည်။ ယှဉ်ပြိုင်သူများအနက် မဲအရေအတွက် အများဆုံးရသူက အနိုင်ရသည်။ (ဥပမာ - မဲ ၅၀% ကျော် ရစရာမလိုဘဲ ပြိုင်ဘက်များထက် မဲတမဲ ပိုရရုံဖြင့် အနိုင်ရသည်)။
  • အားသာချက်/အားနည်းချက် - အစိုးရဖွဲ့ရန် လွယ်ကူစေသော်လည်း လူနည်းစုပါတီများနှင့် မဲကွဲသောပါတီများအတွက် နေရာရရန် ခက်ခဲစေသည်။


၃။ Proportional Representation (PR - အချိုးကျ ကိုယ်စားပြုစနစ်)

  • ခေတ်ကာလ - ၁၉၃၅ ခုနှစ် အက်ဥပဒေပါ အထက်လွှတ်တော် (Senate) ရွေးချယ်ရာတွင် သုံးခဲ့သည့် Communal Representation နဲ့ မကြာခဏ မှားတတ်ကြသည်။ မြန်မာနိုင်ငံတွင် မသုံးဖူးပါ။ ပြီးခဲ့သည့် အချိန်က တိုင်းရင်းသားအင်အားစုများ အကြားတွင်လည်း သုံးစွဲရန်နှင့် မသုံးစွဲရန် အငြင်းပွားခဲ့ကြသေးသည်။
  • ပုံစံ - ပါတီတခု ရရှိသော မဲရာခိုင်နှုန်းအလိုက် လွှတ်တော်အမတ်နေရာ ခွဲဝေရရှိသည့် စနစ်ဖြစ်သည်။
  • ကျင့်သုံးပုံ (၂၀၂၅ အတွက်) - မဲဆန္ဒနယ်တခုတွင် ကိုယ်စားလှယ် တဦးတည်း မဟုတ်ဘဲ အများအပြား ရွေးချယ်မည်။ ပါတီက ရသော မဲရာခိုင်နှုန်းအတိုင်း အမတ်ဦးရေ ပြန်ခွဲဝေယူမည်။ (ရည်ရွယ်ချက်မှာ ပါတီကြီးတခုတည်း သောင်ပြိုကမ်းပြို နိုင်ခြင်းကို လျှော့ချရန် ဖြစ်သည်၊ သို့သော် စစ်တပ်ဝင်ထိုင်ခြင်းက PR မဟုတ်ပါ။)


၄။ Mixed-Member Proportional (MMP - ရောနှောစနစ်)

  • ခေတ်ကာလ - ၂၀၂၅ ရွေးကောက်ပွဲအတွက် လျာထားချက်။
  • ပုံစံ - FPTP နှင့် PR စနစ်ကို ပေါင်းစပ်ကျင့်သုံးခြင်း။
  • ကျင့်သုံးမည့်ပုံစံ:
  • ပြည်သူ့လွှတ်တော် - FPTP (နိုင်သူအကုန်ယူ) စနစ် သက်သက်ဖြင့် ကျင်းပမည်။
  • အမျိုးသားလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်များ - FPTP နှင့် PR စနစ်ကို ရောနှောကျင့်သုံးမည် (ဥပမာ - မြို့နယ်အလိုက် ကိုယ်စားလှယ်ကို FPTP ဖြင့် ရွေးပြီး၊ ကျန်သည့် ကိုယ်စားလှယ်များကို ခရိုင်အလိုက်စုစည်း၍ PR စနစ်ဖြင့် ရွေးမည်)။


ရွေးကောက်ပွဲနည်းမဟုတ်သော်လည်း Appointment System (ခန့်အပ်ခြင်း) ကိုလည်း သုံးသည်။

  • ကိုလိုနီခေတ် - ဥပဒေပြုကောင်စီ အမတ်နေရာ အချို့ကို ဘုရင်ခံက တိုက်ရိုက်ခန့်အပ်သည်။ ကနဦးတွင် ကင်းဝန်မင်းကြီး ဦးကောင်းလည်း ပါခဲ့သည်။
  • ၂၀၀၈ ဖွဲ့စည်းပုံခေတ် - လွှတ်တော်အသီးသီး၏ အမတ်နေရာ ၂၅% ကို ရွေးကောက်ပွဲ မဝင်ရဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သည်။ (၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ နှင့် ၂၀၂၅ ရွေးကောက်ပွဲများအားလုံးတွင် ပါဝင်သည်)။

 

တံပိုးသံစာစဉ်၏ ရွေးကောက်ပွဲများအပေါ် အမြင်နှင့် ရပ်တည်ချက် အကျဉ်းချုပ်

မြန်မာစစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို နိုင်ငံတကာက "အာဏာရှင်-ဒီမိုကရေစီ" အားပြိုင်ပွဲအဖြစ် ရိုးရှင်းစွာ ရှုမြင်သော်လည်း၊ မြန်မာပြည်သူများအတွက်မူ ရိုးရာထုံးတမ်းတခုလို ဖြစ်နေသည့် ဤအခြေအနေသည် "ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့်" သို့မဟုတ် "အာဏာတည်မြဲရေး ထောင်ချောက်" တခု ဟုတ်၊ မဟုတ် စသည့် မေးခွန်းများဖြင့် ရှုပ်ထွေးနေသည်။ အမှန်တကယ်တွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် မည်သည့် စစ်အာဏာသိမ်းမှု သို့မဟုတ် ဗိုလ်ချုပ်ကြောင့်မှ မဟုတ်ဘဲ၊ "နိုင်ငံတော်" ဟူသော ဖွဲ့စည်းပုံ အခြေခံကိုယ်တိုင် ပျက်ယွင်းနေခြင်းကြောင့် ပိုမိုနက်ရှိုင်းသော ပြဿနာသာ ဖြစ်သည်။


စစ်တပ်ထက် နက်ရှိုင်းသော အကျပ်အတည်း

မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက် မည်သည့်အစိုးရ (စစ်ဘက်၊ အရပ်သား) မှ ပြည်သူအပေါ် အမှန်တကယ် တာဝန်ယူ၊ တာဝန်ခံမှုရှိသော နိုင်ငံတော် တခုကို တည်ထောင်နိုင်ခဲ့ခြင်း မရှိသေးပေ။ နိုင်ငံရေးအင်အားစုတိုသည် တရားဝင်မှု (Legitimacy) ကိုသာ အမွေခံလိုပြီး တာဝန်ခံမှု (Accountability) ကို ရှောင်လွှဲခဲ့ကြသည်။ မြန်မာ့နိုင်ငံရေး ပြိုင်ဆိုင်မှုများအားလုံးသည် တိုင်းပြည် အချုပ်အခြာအာဏာပေါ်တွင် အမြစ်တွယ်နေသည့် "ဂိုဏ်းဂဏစွဲ (Factionalism)" နှင့် အာဏာကို ခွဲဝေကျင့်သုံးနိုင်မှု အားနည်းခြင်း ပြဿနာသာ ဖြစ်သည်။ ဖဆပလ နှင့် ကွန်မြူနစ်၊ မဆလ နှင့် ဗကပ၊ နဝတ/နအဖ နှင့် NCGUB၊ NLD နှင့် USDP၊ စကစ နှင့် NUG အထိ အလယ်ကအထိုင်တွင်ပင် နှစ်ခြမ်းကွဲ၍ ဘေးကအဖွဲ့များကို ကိုယ့်ဘက်ပါအောင်ဆွဲကြသည်။ နိုင်ငံရေး ယဉ်ကျေးမှုသည် စစ်ဆေးမေးမြန်းခံရခြင်းထက် သစ္စာရှိမှု၊ ညှိနှိုင်းမှုထက် "တသွေးတသံမိန့်" စည်းလုံးမှုကိုသာ ရှေ့တန်းတင်ခဲ့သည်။


တာဝန်ခံမှု မရှိသော ရွေးကောက်ပွဲများ၏ အဓိပ္ပာယ်မဲ့မှု

သီအိုရီအရ ရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်သော်လည်း၊ လွတ်လပ်သော တရားစီရင်ရေးနှင့် အာဏာကို ထိန်းကျောင်းသည့် ယန္တရားများ မရှိသော စနစ်အောက်တွင် မဲပေးခြင်းသည် "ပြဇာတ်" တခု သက်သက်သာ ဖြစ်သည်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများပင်လျှင် ဖွဲ့စည်းပုံ မညီမျှမှုများ၊ တိုင်းရင်းသား ဖယ်ကျဉ်ခံရမှုများ ရှိခဲ့သလို၊ အရပ်သား အစိုးရများ ကိုယ်တိုင်လည်း လူနည်းစု အသံကို လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို မပြုပြင်နိုင်သရွေ့ တရားဝင်မှုကို ကိန်းဂဏန်းများအဖြစ် လျှော့ချပစ်မည့် လုပ်ရပ်သာ ဖြစ်လိမ့်မည်။


အဖြူအမည်း သို့မဟုတ် စစ်တပ် Vs ဒီမိုကရေစီ

ကျွန်ုပ်တိုသည် "စစ်အာဏာရှင်စနစ် Vs ဒီမိုကရေစီ" ဟူသော နှစ်ဖက်မြင် အယူအဆကို ကျော်လွန် စဉ်းစားရမည်။ ဒီမိုကရေစီကို မဲပုံးများအဖြစ် ကျဉ်းမြောင်းစွာ ပုံဖော်လိုက်ပါက "လူများစု၏ အာဏာရှင်ဆန်မှု (Tyranny of the Majority)" ကို ဖိတ်ခေါ်သလို ဖြစ်နိုင်သည်။ အရေးကြီးသည်မှာ "မည်သူ အုပ်ချုပ်သနည်း" ထက် "အုပ်ချုပ်သူကို မည်သို့ တာဝန်ခံခိုင်းမလဲ" ဆိုသည့် အချက်ဖြစ်သည်။ အာဏာကို ယူနီဖောင်းမှ ပင်နီသို့ လွှဲပြောင်းခြင်းသက်သက် ဖြင့် တိုင်းပြည်မပြောင်းလဲနိုင်ပါ။ အာဏာလည်ပတ်ပုံ ယန္တရားကိုက ပြောင်းလဲရန် လိုအပ်သည်။


ဖက်ဒရယ်စနစ်နှင့် တရားစွဲဆိုပိုင်ခွင့်

မြန်မာနိုင်ငံအတွက် တခုတည်းသော ထွက်ပေါက်မှာ "တာဝန်ယူမှုရှိသော ဖက်ဒရယ်နိုင်ငံတော်" တည်ဆောက်ရေး ဖြစ်သည်။ ဤဖက်ဒရယ်စနစ်သည် အာဏာခွဲဝေရုံသာမက ပြည်ထောင်စုနှင့် ပြည်နယ် အစိုးရများ အချင်းချင်း တရားစွဲဆို၍ တာဝန်ခံခိုင်းနိုင်သော စနစ်မျိုးဖြစ်သည်။ ထို့အပြင် ကိုယ်စားလှယ်များ တာဝန်ပျက်ကွက်ပါက ပြန်လည်ဖြုတ်ချနိုင်သော "ပြန်လည်ရုပ်သိမ်းပိုင်ခွင့် (Right to Recall)" ရှိရမည်။ ဤသည်က အာဏာသည် ပိုင်ဆိုင်ရမည့်အရာ မဟုတ်ဘဲ ခေတ္တချေးယူထားသော တာဝန်တခု သာ ဖြစ်ကြောင်း သတိပေးနေမည် ဖြစ်သည်။


ချုပ်ရလျှင်......

လက်ရှိပုံစံဖြင့် လာမည့်ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် ဒီမိုကရေစီကို ငြင်းပယ်ခြင်းမဟုတ်ဘဲ၊ ပိုမိုနက်ရှိုင်းသော ဒီမိုကရေစီ (Deep Democracy) တခုကို တောင်းဆိုခြင်းသာ ဖြစ်သည်။ တိုင်းပြည် လိုလားသည်မှာ ကိန်းဂဏန်းဖြင့် တိုင်းတာသော တရားမျှတမှု သို့မဟုတ် အပေါ်ယံ ငြိမ်းချမ်းရေး မဟုတ်ပါ။ တရားစီရင်ရေး၊ ဖက်ဒရယ်တန်းတူညီမျှမှုနှင့် အပြန်အလှန် လေးစားမှုတိုဖြင့် တည်ဆောက်ထားသော၊ လူအုပ်စုတိုအားလုံးအတွက် တာဝန်ခံမှုရှိသည့် နိုင်ငံတော်သစ်တခု ကို တည်ဆောက်ရန် ရပ်တည်တောင်းဆိုခြင်းသာ ဖြစ်ပါသည်။


စာတမ်းအကျယ်ဖတ်ရန်

ရွေးကောက်ပွဲကနေ ဘာတွေ ရသင့်သလဲ (Our position)

  • တာဝန်ခံနိုင်တဲ့၊ တရားစွဲခံနိုင်တဲ့၊ အပြန်အလှန်လည်း တရားစွဲနိုင်တဲ့ အစိုးရတွေ
  • လူမျိုးလူထုရေးရာ တရားမျှတမှုအခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်
  • လူ့အခွင့်အရေး စောင့်ရှောက်သူများကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ဖွဲ့စည်းပုံ