ဖြစ်နေတာကိုဖော်ပြသလို စိုးရိမ်စရာကိုလည်း ထောက်ပြတဲ့ စာတွေရေးဖို့အတွက် အကြံပြုချက်


နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတွေရေးတဲ့အခါ ဖြစ်နေတာကို အနီးကပ်ကြည့်ပြီး တင်ပြဖို့၊ စိုးရိမ်စရာရှိရင် ဖုံးမထားဘဲ ထောက်ပြဖို့ ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ ဆွေးနွေးကြည့်ပါမယ်။ ဒါပေမယ့် ဒီစာတွေဟာ ဖြစ်တာကိုဖော်ပြတဲ့ (Descriptive) စိုးရိမ်မိတာ (Concerned) ရှိရင် ထောက်ပြမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိနေရင်တောင် လူတွေကို ဆရာကြီးလုပ်ပြီး ဘာလုပ်သင့်တယ် (Prescription) လို့ သင်ပေးဖို့တော့ မဟုတ်ပါဘူး။ တကယ်တွေ့ရတာက ဘာဖြစ်နေသလဲ ဆိုတာကို အနီးကပ်ကြည့်ဖို့ပါ။ အဲဒီထဲမှာ ဆုံးဖြတ်နိုင်တဲ့ အာဏာ ဘယ်သူ့ဆီမှာ ရှိသလဲ၊ ဘယ်သူက ပေးဆပ်ရသလဲ၊ ဘယ်လိုစကားလုံးတွေသုံးပြီး အလှဆင်ထားသလဲ၊ ဘာတွေကွယ်နေသလဲဆိုတာ လိုက်ကြည့်မယ်။ ကြည့်ရင်းနဲ့ စိုးရိမ်စရာပေါ်လာရင်လည်း ဖုံးထားဖို့ မဟုတ်ဘဲ ပြောမယ်ပေါ့။


စာကိုရေးလိုက်တဲ့စာရေးသူမှာ ရပ်တည်ချက်ရှိတယ်။ စစ်အာဏာရှင်စနစ်၊ အတင်းအကျပ် အသံပိတ်ပစ်တာ၊ အနိုင်ကျင့်တာတွေကို လက်မခံတဲ့ ရပ်တည်ချက်မျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်က တော်လှန်ရေးဘက်ကမို့၊ ကိုယ့်ဘက်ကလူ ပြောတာမို့ဆိုပြီး အထောက်အထားကို ဈေးလျှော့ပြီး မစစ်ဘဲ "ပလစ်ခွင့်" တော့ မရှိဘူး။ ဒီနေရာမှာ ဘက်မဲ့အရောင်ကင်း (Neutral) ဖြစ်ချင်ယောင်ဆောင်နေဖို့ မလိုပါဘူး။ ဘက်ရှိရင် ရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ကိုယ်ပြောတဲ့စကားအတွက် တာဝန်ခံနိုင်ဖို့က ဘက်မဲ့ချင်ယောင်ဆောင်ဖို့ထက် ပိုအရေးကြီးတယ်။ လူဆိုတာ ရပ်တည်ချက်မရှိတာ မဖြစ်နိုင်ဘူး။ နောက်ပြီး တောထဲရပ်တာ၊ တိုက်ပေါ်ရပ်တာ၊ လမ်းပေါ်ရပ်တာ မတူဘူး။ ကိုယ်ရပ်တဲ့နေရာက မြင်ကွင်းပဲ ကိုယ်ရတာပါ။ အထောက်အထားက ကိုယ်မျှော်လင့်ထားတာနဲ့ မကိုက်ရင် အထောက်အထားကို လိုက်ပြင်ပစ်မယ့်အစား ကိုယ့်နားလည်ပုံကို ပြန်စဉ်းစားနိုင်ရပါမယ်။ 



ဖြစ်နေတာကို အရင်ကြည့်ပါ 


စာတပုဒ်ကို ကောက်ချက်အကြီးကြီး တခုချပြီးမှစဖို့ မလိုဘူး။ လူတွေရဲ့ နေ့စဉ်ဘဝမှာ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တခု၊ သတင်းတပုဒ်၊ အမိန့်တခု၊ ရေကြီးသွားတဲ့ ရွာတရွာ၊ လူတွေ သုံးနေတဲ့ စကားလုံးတလုံးကနေ စလို့ရတယ်။ ဆိုပါစို့၊ NGO တွေက ရွေးကောက်မခံရတဲ့လူငယ်တွေ၊ ကိုယ်နဲ့ကိုက်တဲ့သူတွေကို ခေါင်းဆောင်ဆို ရွေးခေါ်ပြီး သင်တန်းပေး ပိုက်ဆံပေးနေလို့ လူငယ်အီလစ်တွေ ဖန်တီးနေတယ်လို့ အစကတည်းက တရားသေ သွားမပြောနဲ့ဦး။ အဲဒီလိုပြောလိုက်ရင် ကျန်တဲ့စာတွေက အဲဒီအယူအဆကို သက်သေပြဖို့သက်သက် လိုက်လုပ်သလို ဖြစ်သွားမယ်။ အဲဒီအစား လူငယ်တွေကို ဘယ်လိုရွေးသလဲ၊ ဘယ်သူတွေက လျှောက်ခွင့်ရသလဲ၊ ရွေးခံရတဲ့သူတွေ ဘယ်နေရာရောက်သွားသလဲ၊ ဘယ်သူတွေနဲ့ အချိတ်အဆက်မိသွားသလဲ၊ ပြီးတော့ ဘယ်သူ့ကို ကိုယ်စားပြုပြီး စကားပြောလာသလဲ ဆိုတာကို အရင်လိုက်ကြည့်လိုက်ပါ။ အဲဒီနောက်မှ "လူ့မလိုင် (Elite) ဖြစ်လာပုံ" ဆိုတဲ့ အယူအဆက ဒီဖြစ်စဉ်ကို ရှင်းပြဖို့ အသုံးဝင်သလားလို့ စဉ်းစားကြည့်လို့ရတယ်။ ကောက်ချက်ဆိုတာ အစမှာ ကြိုချထားနေစရာ မလိုပါဘူး။ အချက်အလက်အတိုင်း လမ်းလျှောက်ရင်း တွေ့လာရတာပဲ မဟုတ်လား။ 



မြင်တာ၊ နားလည်တာ၊ စိုးရိမ်တာကို ရောမပစ်ပါနဲ့ 


"တခုခု ဖြစ်ခဲ့တယ်" ဆိုတာနဲ့ "ဒါဟာ ဘာကိုဆိုလိုတယ်" ဆိုတာ မတူဘူး။ ဒီနှစ်ခုကြားက အကွာအဝေးကို စာဖတ်သူ မြင်အောင် ပြထားပေးရမယ်။

ဥပမာအားဖြင့် လူတစုကိုပဲ ဆွေးနွေးပွဲ ဖိတ်တယ်ဆိုတာက အချက်အလက်မှန် (Fact) တခု ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီလူတွေကိုပဲ ကိုယ်စားလှယ်အဖြစ် ဇွတ်ပုံသွင်းနေတယ်လို့ ကောက်ချက်ချလိုက်ရင် ဒါက စာရေးသူရဲ့ အဓိပ္ပာယ်ဖော်မှု (Interpretation) ဖြစ်သွားပြီ။ ဘယ်သူက ရွေးသလဲ၊ တခြားသူတွေ ဝင်ခွင့်ရှိသလား၊ ဆုံးဖြတ်ခွင့်ဘယ်လောက်ရသလဲ ဆိုတာ ဆက်ကြည့်မှ ကိုယ့်ရဲ့ နားလည်ပုံ ပိုခိုင်မာလာမယ်။ ဒီကြားထဲမှာ စိုးရိမ်စရာ (Anxiety) ကလည်း သီးခြားရှိနေပြန်တယ်။ "လူနည်းနည်းလေးက လူအများကြီးကိုယ်စား ဝင်ပြောနေပြီး၊ သူတို့ကို အဲဒီလူအများက ပြန်ထိန်းကျောင်းနိုင်တဲ့ ယန္တရား မရှိရင် ဘာဖြစ်လာမလဲ" ဆိုတဲ့ စိုးရိမ်ချက်မျိုးပေါ့။ ဒီစိုးရိမ်ချက်ကို ချက်ချင်း အဖြေထုတ်ပေးဖို့ အလျင်မလိုဘူး။ ဘာကြောင့် ဒီလိုစိုးရိမ်စရာ ဖြစ်လာသလဲဆိုတာကို ရှင်းပြနိုင်ရင်ပဲ စာတပုဒ်ရဲ့ အလုပ်က တော်တော်လေး ပြီးနေပါပြီ။



လူဆိုးတယောက်ရှာတာထက် ဘယ်လိုဖြစ်လာသလဲကို လိုက်ကြည့်ပါ 


နိုင်ငံရေးပြဿနာ တော်တော်များများဟာ လူတယောက်ရဲ့ စိတ်ထဲကို ဝင်ကြည့်ရုံနဲ့ ရှင်းမရဘူး။ "ဒီလူက မကောင်းလို့၊ ဒီအရာရှိက အာဏာမက်လို့၊ ဒီ NGO က အကျင့်ပျက်လို့" ဆိုပြီး အလွယ်တကူ လက်ညှိုးထိုး လူဆိုးရှာလိုက်ရင် လိုရင်းချော်သွားတတ်တယ်။ မဟုတ်ဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ ဒါပေမယ့် ဒီဟာက မြင်ကွင်းကျယ်ထဲက အစက်လေးတခုပဲလို့ နားလည်ဖို့ပါပဲ။ အဲဒီအစား စနစ်ကို ကြည့်ပါ။ ဘယ်သူ့လက်ထဲမှာ ငွေရှိသလဲ၊ ဘယ်သူက လူရွေးသလဲ၊ ဘယ်သူက အစီအစဉ်ရေးသလဲ၊ ဘယ်သူ့စကားကို အစီရင်ခံစာထဲ ထည့်သလဲ၊ အဆုံးအဖြတ်ကို ဘယ်သူက လက်မှတ်ထိုးသလဲ၊ ဆုံးဖြတ်ချက်မှားသွားရင်ရော ပြန်ပြင်နိုင်တဲ့ အခွင့်အရေး ဘယ်သူ့ဆီမှာ ရှိသလဲဆိုတာ ကြည့်ပါ။ လူတယောက်က စေတနာ အရမ်းကောင်းနေရင်တောင် သူပါဝင်နေတဲ့ စနစ်တည်ဆောက်မှုကြီး (Structure) ကိုယ်တိုင်က တဘက်စောင်းနင်း ဖြစ်နေနိုင်တယ်။ ဒါကြောင့် "ဒီလူတွေက လူတွေကို ထိန်းချုပ်ချင်လို့" လို့ ရေးမယ့်အစား "ဒီလုပ်ထုံးလုပ်နည်းအရ ဘယ်သူပါဝင်ခွင့်ရမလဲ ဆိုတာကို အဖွဲ့အစည်းက ဆုံးဖြတ်နိုင်တယ်" လို့ ရေးတာက ပိုတာဝန်ခံနိုင်တယ်။ စိတ်ရင်းရည်ရွယ်ချက်ကို သက်သေမပြနိုင်သေးရင် မသိသေးတဲ့နေရာမှာပဲ ထားလိုက်တာ ပိုကောင်းပါတယ်။



သူတို့ပြောတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်လာတဲ့အကျိုးကို သီးသန့်ကြည့်ပါ 


အဖွဲ့အစည်းတိုင်းလိုလိုမှာ သူတို့လုပ်ရပ်ကို ရှင်းပြတတ်တဲ့ စကားလုံးတွေ ရှိတယ်။ လုံခြုံရေး၊ ဖွံ့ဖြိုးရေး၊ လူငယ်ပါဝင်မှု၊ လူသားချင်းစာနာမှု စသဖြင့်ပေါ့။ ဒီစကားတွေကို တွေ့တာနဲ့ အလိုအလျောက် မှားတယ်လို့ တန်းငြင်းစရာတော့ဖြင့် မလိုဘူး။ အဖွဲ့အစည်းက ဘာလုပ်ချင်တယ်လို့ ပြောထားသလဲဆိုတာကို အရင်ဆုံး ရိုးရိုးသားသား ဖော်ပြပါ။ ပြီးရင် တကယ်တမ်း မြေပြင်မှာ လုပ်လိုက်တဲ့အခါ အာဏာက ဘယ်သူ့လက်ထဲ ရောက်သွားသလဲ၊ ဘယ်သူက အခွင့်အရေးရသွားပြီး ဘယ်သူ့အသံတွေ ပျောက်သွားသလဲ၊ ဘယ်သူက ပေးဆပ်လိုက်ရသလဲ ဆိုတာကို ဆက်ကြည့်ပါ။ စေတနာဆိုတာ သက်သေပြဖို့ ခက်သလို၊ မကောင်းတဲ့အကြံအစည် ရှိပါတယ်လို့လည်း အလွယ်တကူ စွပ်စွဲလို့မရဘူး။ ဒါပေမယ့် လုပ်ပုံလုပ်နည်းနဲ့ လက်တွေ့ထွက်လာတဲ့ အကျိုးဆက်ကိုတော့ စာရွက်ပေါ်မှာ အများကြီး ပိုစစ်ဆေးလို့ ရပါတယ်။



စကားလုံးတွေကိုလည်း အချက်အလက်လို သဘောထားပါ


"တိုင်းရင်းသား"၊ "လူနည်းစု"၊ "တရားမဝင်"၊ "အကြမ်းဖက်"၊ "ဖွံ့ဖြိုးရေး" စတဲ့ စကားလုံးတွေကို ကြားလိုက်တာနဲ့ သူတို့ဘာကို ဆိုလိုမှန်း ငါတို့သိပြီးသားပဲလို့ မယူဆလိုက်ပါနဲ့။ ဒီစကားလုံးကို ဘယ်သူက သုံးတာလဲ၊ ဘယ်သူ့ကို ရည်ညွှန်းလိုက်တာလဲ၊ အဲဒီလို သုံးလိုက်တဲ့အတွက် ဘာတွေဆက်လုပ်ခွင့် ရသွားသလဲ ဆိုတာ ကြည့်ရမယ်။ အစိုးရတရပ်က လူအုပ်စုတစုကို ဘယ်လို နာမည်တပ်ခေါ်သလဲ ဆိုတာနဲ့ အဲဒီလူတွေရဲ့ တကယ့်အဖြစ်မှန်ကြားမှာ အကွာအဝေးကြီး ရှိနိုင်တယ်။ ဒါကြောင့် အဖွဲ့အစည်းတခုခုက သုံးတဲ့စကားလုံးကို စာရေးသူက ကိုယ့်စကားလို အလိုလို ယူမသုံးပစ်လိုက်နဲ့။ "အာဏာပိုင်တွေဘက်ကတော့ ဒီလိုသတ်မှတ်တယ်"၊ "ဒီအဖွဲ့ကတော့ ဒီလိုခေါ်တယ်" လို့ ခွဲရေးလိုက်တာနဲ့ ဒီစကားလုံးကို ဘယ်သူပိုင်သလဲဆိုတာ စာဖတ်သူ ပိုမြင်သွားမယ်။ မြန်မာပြည်မှာ လူမျိုး၊ နယ်မြေ၊ နိုင်ငံ၊ အချုပ်အခြာအာဏာ ဆိုတဲ့ စကားလုံးတွေဟာ နာမည်သက်သက် မဟုတ်တော့ဘူး။ တခါတလေ ဒီစကားလုံးတလုံးနောက်မှာ အုပ်ချုပ်ခွင့်၊ မြေပိုင်ခွင့်၊ လူဖြစ်ခွင့်အထိ အသက်ပါ လိုက်ပါလာတတ်တယ်။ ဒါကြောင့် စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို စစ်ဆေးတယ်ဆိုတာ ဘာသာဗေဒကိစ္စ သက်သက် မဟုတ်တော့ဘဲ နိုင်ငံရေးအာဏာကို စစ်ဆေးတာ ဖြစ်လာတယ်။



“အမှန်တရား” ဆိုတာကိုလည်း အလွယ်မယူပါနဲ့ 


အထောက်အထား (Evidence) ကို တန်ဖိုးထားတာနဲ့ စာရွက်ပေါ် ရေးထားသမျှ စာလုံးမည်းမည်းမြင်တိုင်းကို အမှန်တရားလို့ ယူဆလိုက်တာဟာ တခြားစီပါပဲ။ အချက်အလက်တခု ဘယ်လို ထွက်လာသလဲဆိုတာ သိဖို့လိုတယ်။ လူဦးရေစာရင်းတခုမှာ လူတစု မပါဘူးဆိုရင် "သူတို့ တကယ်မရှိဘူး" လို့ ချက်ချင်း ကောက်ချက်ချလို့ မရဘူး။ အဲဒီစာရင်းက ဘယ်သူ့ကို ရေတွက်ခွင့်ပြုသလဲ၊ ဘယ်သူ့ကို ဘယ်အကွက်ထဲ ဇွတ်ထည့်လိုက်သလဲ ဆိုတာကို ဆက်ကြည့်ရတယ်။ အချက်အလက်မှန် ဆိုတာ ရှာဖွေမှုရဲ့ အဆုံးသတ် မဟုတ်ဘဲ တခါတလေ နောက်ထပ် မေးခွန်းတခုရဲ့ အစ ဖြစ်လာတတ်တယ်။ အစိုးရထုတ်ပြန်ချက်၊ သုတေသနစာတမ်း၊ သတင်း၊ ရွာသားတယောက်ရဲ့ ပြောပြချက်... ဒါတွေဟာ တတန်းတည်း မဟုတ်ဘူး။ တခုစီမှာ သိနိုင်တာရှိသလို မသိနိုင်တာလည်း ရှိတယ်။ ရွာသားတယောက်ရဲ့ အတွေ့အကြုံက တနိုင်ငံလုံးကို ကိုယ်စားမပြုနိုင်ပေမယ့်၊ သူ့ရွာမှာ တကယ် ဘာဖြစ်နေသလဲဆိုတာကို သိဖို့တော့ အလွန်အရေးကြီးတယ်။ ဒါကြောင့် အထောက်အထားက ဘယ်လောက်အထိပဲ ပြောနိုင်သလဲ၊ အဲဒီထက်ကျော်ပြီး ကိုယ့်ဝါကျကို အတင်းမဆွဲဆန့်မိဖို့ သတိထားရမယ်။



ကိုယ်ယုံတဲ့ဘက်ကိုလည်း စစ်ကြည့်ပါ 


စစ်တပ်နဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရပ်တည်ချက် ရှိရင်လည်း ဖုံးကွယ်ထားစရာ မလိုပါဘူး။ စစ်ဘက်က ထုတ်ပြန်သမျှကို အမှန်ယူဖို့လည်း အကြောင်းမရှိဘူး။ ဘယ်သူပြောတယ်ဆိုတာ ပြထားပြီး ရနိုင်တဲ့ တခြားအထောက်အထားတွေနဲ့ တိုက်စစ်ရမယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ ကိုယ်ထောက်ခံတဲ့သူတွေ ပြောလာတဲ့ စကားကိုလည်း အဲဒီစံနှုန်းနဲ့ပဲ ပြန်စစ်ပါ။ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးရင် "ဒီအဖွဲ့ကတော့ ဒီလိုပြောထားတယ်" လို့ပဲ ရေးပါ။ ကိုယ်လိုချင်တဲ့ ကောက်ချက်ရောက်ဖို့ စကားတလုံး ပိုထည့်လိုက်တာက နိုင်ငံရေးအရ သေးငယ်တယ်လို့ ထင်ရပေမယ့်၊ စာတပုဒ်လုံးရဲ့ ယုံကြည်ရမှုကိုတော့ အကြီးအကျယ် ထိခိုက်သွားနိုင်တယ်။ ကိုယ့်ဘက်ကလူတွေကို မေးခွန်းထုတ်နိုင်တာဟာ ကိုယ့်ရပ်တည်ချက် ပျော့သွားတာ မဟုတ်ဘူး။ ကိုယ်ရပ်နေတဲ့ဘက်ကိုပါ တာဝန်ခံနိုင်အောင် လုပ်တဲ့ အလေ့အကျင့်သာ ဖြစ်တယ်။



နှစ်ဘက်ညီအောင် အတင်းချိန်မထားပါနဲ့ 


လူနှစ်ဖက်ရှိတိုင်း တဖက်ကို စာတပိုဒ်၊ နောက်တဖက်ကို စာတပိုဒ် အချိုးကျ ပေးရမယ်ဆိုတဲ့ စည်းကမ်း မရှိပါဘူး။ အာဏာ၊ လက်နက်၊ ငွေကြေး၊ ဖမ်းဆီးနိုင်မှု၊ မြေပြင်ထိန်းချုပ်နိုင်မှုတွေက မိုးနဲ့မြေလို ကွာနေရင် အဲဒီမညီမျှမှုကို (Asymmetry) စာထဲမှာ အတိုင်းသား မြင်ရမယ်။

မျှတအောင် ရေးတယ်ဆိုတာ အားလုံးကို အရွယ်အစားတူအောင် လုံးချပစ်တာ မဟုတ်ဘူး။ ဘယ်သူ့မှာ ဘယ်လောက် လုပ်ပိုင်ခွင့်ရှိသလဲ၊ ဘယ်သူက ဘာတွေ လုပ်ခဲ့သလဲဆိုတာကို ရှိတဲ့အတိုင်း ရေးပြဖို့က ပိုအရေးကြီးတယ်။ ကိစ္စတခုမှာ အထောက်အထားတွေက တဘက်ကိုပဲ သိသိသာသာ ပိုများနေရင် အဲဒီအလေးချိန်ကို ဖုံးမထားနဲ့။ မသေချာတဲ့ နေရာမှာတော့ မသေချာဘူးလို့ ရဲရဲဝံ့ဝံ့ ချန်ထားခဲ့နိုင်ရမယ်။



“လူထု” လို့ရေးလိုက်တိုင်း ဘယ်သူလဲဆိုတာ ပြန်ကြည့်ပါ 


"လူထုက လိုချင်တယ်"၊ "လူငယ်တွေက ပြောတယ်"၊ "ဒေသခံတွေက ထောက်ခံတယ်" ဆိုတဲ့ ဝါကျတွေက ရေးရတာ အရမ်းသက်သာတယ်။ သက်သာလွန်းအားကြီးလို့ကို အန္တရာယ်ရှိတာ။ တကယ်တမ်း ဘယ်ဒေသက လူတွေလဲ၊ ဘယ်လောက်များလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ ပြောတာလဲ၊ ဘယ်သူတွေကျတော့ မပါသေးဘူးလဲ ဆိုတာ သိနိုင်သလောက် ဖော်ပြပါ။ လူတစုရဲ့ အသံကို လူမျိုးတမျိုးလုံး၊ ပြည်နယ်တခုလုံးရဲ့ အသံအဖြစ် ချဲ့ကားမရေးပါနဲ့။ အသိုက်အမြုံ (Community) တခုထဲမှာတောင် မြေပိုင်ရှင်နဲ့ မြေယာမဲ့၊ အမျိုးသားနဲ့ အမျိုးသမီး၊ လူငယ်နဲ့ လူကြီး၊ ဌာနေလူထုနဲ့ ရွှေ့ပြောင်းလာသူတွေရဲ့ အကျိုးစီးပွားတွေက တူချင်မှ တူမှာပါ။ "အသိုက်အမြုံ" ဆိုတဲ့ စကားလုံးလှလှလေးက အတွင်းထဲက ကွာဟမှုတွေကို ဖုံးကွယ်သွားတဲ့အခါ စာရေးသူက ပြန်ဖွင့်ကြည့်ရမယ်။



သမိုင်းကို တရားလွန်လွန်းအောင် မဆွဲပါနဲ့ 


"မြန်မာတွေဟာ အစကတည်းက..."၊ "ဒီလူမျိုးဟာ သမိုင်းတလျှောက် အမြဲတမ်း..." ဆိုတဲ့ ဝါကျတွေက သက်သေပြဖို့ အရမ်းခက်တယ်။ အဲဒီအစား တိကျတဲ့ နှစ်ကာလတခု၊ အုပ်ချုပ်ရေးစနစ်တခု၊ စစ်ပွဲကာလတခု စသဖြင့် ကန့်သတ်ပြီး ပြောနိုင်ရင် ပိုကောင်းတယ်။ သမိုင်းမှာ ထပ်ခါတလဲလဲ ဖြစ်နေတဲ့ ပုံစံတခုကို မြင်တယ်ဆိုရင်တောင် ဒါဟာ အစဉ်အမြဲ ထာဝရဒီလိုပဲလို့ တရားသေ မပြောင်းပစ်လိုက်ပါနဲ့။ အချိန်ကာလတွေကြားမှာ ပြတ်တောက်သွားတာတွေ၊ အဓိပ္ပာယ်တွေ ပြောင်းသွားတာတွေ၊ လူတွေက ပြန်လည်တည်ဆောက်ယူတာတွေ ရှိနိုင်တယ်။ "သမိုင်းက သက်သေပြနေတယ်" ဆိုတဲ့ စကားလုံးကြီးထက် သမိုင်းထဲက ဘယ်ကာလ၊ ဘယ်နေရာကို ကွက်ကြည့်ထားသလဲဆိုတာ ပြောနိုင်တာက ပိုအသုံးဝင်ပါတယ်။



စိုးရိမ်ချက်ကို မဟာစကားကြီးနဲ့ မဖုံးပါနဲ့ 

"ဒီအခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်" ဆိုပြီး နောက်က ပညာရပ်ဆိုင်ရာ Jargon စကားလုံးတွေသုံးပြီး ရပ်လိုက်ရင် ဘာကိုစိုးရိမ်ရမှန်း စာဖတ်သူက မသိရသေးဘူး၊ ကြောင်သွားကော။ စိုးရိမ်စရာက တကယ်တမ်း ဘယ်နေရာမှာလဲ ဆိုတာ လိုက်ရှာရမယ်။ ဆုံးဖြတ်တဲ့သူနဲ့ ပေးဆပ်ရတဲ့သူ အဝေးကြီး ကွာနေတာလား။ လူတွေ ပါဝင်ခွင့်ရပေမယ့် နောက်ဆုံး အဆုံးအဖြတ်ပေးခွင့် မရှိတာလား။ ကိုယ့်မြေကို ဘယ်လိုသုံးမလဲဆိုတာ အပြင်ကလူတွေက လာသတ်မှတ်နေတာလား။ စားဝတ်နေရေး ခက်ခဲနေသူက အကူအညီပေးသူကို ငြင်းလိုက်ရင် နောက်တခါ မရတော့မှာကို ကြောက်နေရတာလား။ ဒီလိုတွေ မေးသွားလိုက်ရင် "အာဏာမညီမျှမှု" ဆိုတဲ့ စကားလုံးကြီးကိုတောင် ခဏခဏ သုံးနေစရာ မလိုတော့ဘူး။ လူတွေ ဘယ်လိုအကျပ်အတည်းထဲ ရောက်နေသလဲဆိုတာ မြင်လာတာနဲ့ စိုးရိမ်ချက်က သူ့အလိုလို ပေါ်လာပါလိမ့်မယ်။



ဆန့်ကျင်ဘက်အဖြစ်အပျက်တွေကို တခါတည်းပိတ်မပစ်ပါနဲ့ 


အဖွဲ့တခုက လူတွေကို အကူအညီ တကယ်ပေးနေနိုင်သလို၊ တချိန်တည်းမှာပဲ ဘယ်သူ့အသံကို အရေးပေးမလဲ ဆိုတာကို သူတို့ဘာသာ ရွေးချယ်ချယ်လှယ်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ တော်လှန်ရေးအဖွဲ့တခုက စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်နေရင်းနဲ့ သူ့အတွင်းမှာ အထက်အောက် ဖိနှိပ်တဲ့ ဆက်ဆံရေးတွေ ရှိနေနိုင်တယ်။ ဘာသာရေးအဖွဲ့တခုက ဒုက္ခသည်တွေကို ကယ်တင်နေပေမယ့် အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ခွင့်ကိုကျတော့ ကန့်သတ်နေတတ်တယ်။ တခုကမှန်ရင် နောက်တခုက မှားရမယ်ဆိုတဲ့ အဖြူအမဲ (Binary) အမြင်နဲ့ သွားဖတ်ရင် အတွေ့အကြုံတွေကို လုံးချပစ်သလို ဖြစ်သွားမယ်။ တချို့အခါမှာ ဒီနှစ်ခုလုံး တပြိုင်နက်တည်း ဖြစ်နေတာကို မြင်ရတာက စာရဲ့ အရေးကြီးဆုံး တွေ့ရှိချက် ဖြစ်လာနိုင်တယ်။ အဲဒီနေရာမှာ စာရေးသူက အတင်းဝင်ပြီး အဖြေထုတ်ပေးဖို့ မလိုဘူး။ ရှုပ်ထွေးမှုကို ရှုပ်ထွေးတဲ့အတိုင်း မြင်သာအောင် ပြနိုင်တာကိုက အသိပညာတခုပါပဲ။



မသိတာကိုလည်း စာထဲမှာ နေရာပေးပါ 


"အချက်အလက် မရသေးပါ" လို့ ဝန်ခံတာဟာ စာရေးသူ ကျရှုံးသွားတာ မဟုတ်ဘူး။ ဘာကို မသိသေးတာလဲဆိုတာ တိတိကျကျ ပြနိုင်ရင် အဲဒီနေရာကနေ နောက်ထပ် လေ့လာစရာ လမ်းစပေါ်လာတယ်။ "ဒီအစီအစဉ်ကို ဒေသခံတွေ ဘယ်လောက် ထောက်ခံသလဲဆိုတာ လက်ရှိရထားတဲ့ အချက်အလက်တွေနဲ့ တရားသေပြောဖို့ ခက်ပါတယ်" လို့ ရေးတာဟာ အားနည်းတဲ့ ဝါကျမဟုတ်ပါဘူး။ ကိုယ် ဘယ်နေရာအထိ သိထားတယ်ဆိုတာကို တာဝန်ခံတဲ့ ဝါကျဖြစ်တယ်။ စာတပုဒ်ရေးပြီးတိုင်း ကိုယ့်ကိုယ်ကိုယ် တချက်ပြန်မေးကြည့်ပါ။ "ဘယ်လို အထောက်အထားအသစ်မျိုး ရလာရင် အခုငါရေးထားတဲ့ နားလည်ပုံကို ပြန်ပြင်မလဲ" ဆိုတဲ့ မေးခွန်းပါ။ အဲဒါကို မဖြေနိုင်တော့ဘူး ဆိုရင်တော့ သင်ဟာ အမြင်တခုကို သုတေသန လုပ်နေတာမဟုတ်တော့ဘဲ ယုံကြည်ချက်တခုကို ဇွတ်မှိတ်မျက်ကန်းကာကွယ်နေတာ ဖြစ်သွားပါပြီ။



အဆုံးမှာ အကြံပေးစရာမရှိလည်း ရပါတယ် 


စာတပုဒ်ရေးတိုင်း "ထို့ကြောင့် အစိုးရက ဘာလုပ်သင့်သည်" ဆိုတဲ့ အကြံပေးချက်မျိုးနဲ့ အဆုံးသတ်ဖို့ မလိုပါဘူး။ မြေပြင်မှာ တကယ်ဘာဖြစ်နေသလဲ ဆိုတာကို တိတိကျကျ မြင်လာအောင် လုပ်ပေးနိုင်ရင်ပဲ ကိုယ်လုပ်ချင်တဲ့အလုပ်ရဲ့ တစိတ်တပိုင်းက ပြီးနေပြီ။ တချို့စာတွေက "ဒီနေရာမှာ ဆုံးဖြတ်နိုင်ခွင့်နဲ့ ပေးဆပ်ရမှုက တခြားစီ ဖြစ်နေတယ်" ဆိုတဲ့ စိုးရိမ်ချက်လေးနဲ့တင် ရပ်လိုက်လို့ရတယ်။ တချို့စာတွေက "ဒီကိစ္စကို လက်ရှိ အထောက်အထားလောက်နဲ့ ဒီထက်ပိုပြောဖို့ ခက်သေးတယ်" လို့ ရပ်နိုင်တယ်။ တချို့စာတွေမှာကျတော့ အစပိုင်းက အသေးအဖွဲလို့ ထင်ခဲ့တဲ့ အဖြစ်အပျက်လေးတခုဟာ နောက်ဆုံးရောက်တော့ ပိုကြီးတဲ့ စနစ်တည်ဆောက်မှု (Structure) ကြီးတခုနဲ့ သွားဆက်နေမှန်း မြင်လိုက်ရတာနဲ့တင် လုံလောက်သွားပြီ။ လူတွေ ဘာလုပ်သင့်တယ်ဆိုတာကို စာရေးသူတိုင်းက သတ်မှတ်ပေးနေစရာ မလိုပါဘူး။ သေချာမြင်အောင် ကြည့်နိုင်ဖို့ဆိုတာကလည်း သူ့ဟာသူ နိုင်ငံရေးအလုပ်တခု ဖြစ်နေလို့ပါပဲ။



ကဲ... စာမထုတ်ခင် နောက်ဆုံးပြန်ကြည့်ရန်


စာရေးပြီးသွားရင် အရေးကြီးတဲ့ ဝါကျတခုချင်းစီကို ပြန်စစ်ကြည့်ပါ။ ဒီအကြောင်းကို ငါဘယ်လိုသိတာလဲ၊ ဘယ်သူပြောတာလဲ၊ ဘယ်အချိန်က အကြောင်းလဲ၊ လူနည်းနည်းလေးကို ချဲ့ကားပြောထားမိသလား၊ သက်သေမရှိဘဲ တခြားသူရဲ့ စိတ်ထဲကို ဝင်ဖတ်မိသလား ဆိုတာ ပြန်မေးပါ။

ပြီးရင် စကားလုံးတွေကို စစ်ပါ။ အာဏာပိုင်တွေ သုံးတဲ့စကားကို ကိုယ့်စကားလို ယူရေးထားမိသလား။ Abstract Noun တွေ တပုံတပင်ထည့်ပြီး အင်္ဂလိပ်စာကို မြန်မာလို အတင်းဘာသာပြန်ထားသလို ဖြစ်နေသလား။ ဥပမာ- "အင်စတီကျူးရှင်းဆိုင်ရာ ဆက်ဆံမှု" လို့ ရေးထားမယ့်အစား "အင်စတီကျူးရှင်းက လူတွေကို ဘယ်လိုဆက်ဆံသလဲ" လို့ ပြောင်းရေးလို့ ရသလား ဆိုတာ စဉ်းစားပါ။

နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ စိုးရိမ်ချက်ကို ပြန်ကြည့်ပါ။ ဒေါသထွက်လို့ အထောက်အထားထက် ပိုရေးမိသလား၊ ကြောက်လို့ စိုးရိမ်စရာကို လျှော့ရေးလိုက်သလား၊ ကိုယ်ချစ်တဲ့ဘက်ကမို့လို့ မေးသင့်တဲ့ မေးခွန်းတွေကို ရှောင်ထားမိသလား။

ဒီသုံးခုကို ကျော်ဖြတ်နိုင်ရင် ဒီစာဟာ ဘက်အရောင်ကင်းတဲ့စာ ဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်ကနေ ရပ်တည်ကြည့်နေတယ်ဆိုတာ သိရပြီး၊ ဘာကြောင့် ဒီလိုကောက်ချက်ချနိုင်တယ်ဆိုတာကို စာဖတ်သူကိုယ်တိုင် ပြန်စစ်လို့ရတဲ့ စာမျိုးတော့ ဖြစ်လာပါလိမ့်မယ်။



အဓိကထားရမယ့် စာရေးစည်းတခု


ကိုယ်ရပ်တည်နေတဲ့ဘက်ကနေကြည့်ရင် ဘာကို အရေးကြီးသလဲဆိုတာ မြင်စေတဲ့ ရှုထောင့်တခု အမြဲရှိတယ်။ အထောက်အထားတွေက ဘယ်လောက်အထိ ပြောခွင့်ရှိတယ်ဆိုတာကို ကန့်သတ်ပေးတယ်။ ကိုယ်မသိသေးတာရှိတယ်၊ ဒီမသိခြင်းတွေကနေ ကိုယ်ရေးတဲ့စာကို ဘယ်နေရာမှာ ရပ်သင့်သလဲဆိုတာ ပြောပြတယ်။ ဒီသုံးခုသာ အတူရှိနေရင် အဲဒီစာမှာ စိုးရိမ်စရာရှိတယ်။ ရပ်တည်ချက်ရှိတယ်။ ဒါပေမယ့် စာဖတ်သူကို အမိန့်မပေးရဘူး။ အချက်အလက်မှန်ကိုလည်း တရားသေမကိုင်ဘူး။ ကိုယ်လိုချင်တဲ့ နိုင်ငံရေးကောက်ချက်ထွက်ဖို့အတွက် အရှိတရားကို လိုသလို လှီးဖြတ်မပစ်ဘူး။

ဒီလိုစာမျိုးဟာ လူတွေကို ဘာယုံရမလဲဆိုတာ သင်ပေးတာထက်၊ သူတို့ မမြင်ခဲ့တဲ့ ကွက်လပ်တခုကို နည်းနည်းပိုမြင်လာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်။

Writing 101 (3 Days Coaching Session)