လူသားတွေရဲ့ နားလည်နိုင်စွမ်းဆိုတာ မသိနားမလည်မှုကနေ ဉာဏ်ပညာဆီကို တမဟုတ်ချင်း ခုန်ကူးသွားတာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်က ထင်ရှားတဲ့ အဆင့်အမျိုးမျိုးကို ဖြတ်သန်းသွားပြီး၊ အဆင့်တခုစီက ရှုပ်ထွေးမှုတွေကို နစ်မွန်းမသွားစေဘဲ လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးတယ်။ ဒီအဆင့်တွေဟာ အသက်အရွယ်အလိုက် တင်းကျပ်စွာ သတ်မှတ်ထားတာ မဟုတ်ဘဲ၊ သိမြင်နားလည်မှုဆိုင်ရာ ပုံသဏ္ဌာန်တွေသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စိတ်က လက်တွေ့ဘဝကို စုစည်းပုံ၊ အဆိုပြုချက်တွေကို အကဲဖြတ်ပုံနဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံတွေ ကွဲပြားတာပဲ ဖြစ်ပါတယ်။

အောက်မှာတော့ အရှင်းလင်းဆုံး ရှင်းလင်းချက်ပုံစံကနေ အရှုပ်ထွေးဆုံးဆီ ရွေ့လျားသွားတဲ့ ဒီအဆင့် ၅ ဆင့်အတွက် လမ်းပြမြေပုံတခုကို အသေအချာစဉ်းစားကြည့်ပြီး ဖော်ပြလိုက်ပါတယ်။


အဆင့် ၁။ ဆန့်ကျင်ဘက်နှစ်ခုနဲ့ နားလည်ခြင်းအဆင့်

ဘယ်သင်ယူမှုခရီးရဲ့ အစမှာမဆို စိတ်က ရှင်းလင်းပြတ်သားမှုကို လိုလားတယ်။ ခိုင်မာတဲ့ ခြားနားမှုတွေ၊ တိကျတဲ့ ဘောင်တွေနဲ့ လျင်မြန်တဲ့ အမျိုးအစားတွေကို လိုအပ်တယ်။ ဒါဟာ အားနည်းချက်မဟုတ်ဘဲ၊ ရှင်သန်ရေးအတွက် နည်းဗျူဟာတခု ဖြစ်ပါတယ်။

ဒီအဆင့်မှာ အတွေးအခေါ်တွေဟာ ဆန့်ကျင်ဘက်အတွဲတွေအဖြစ် ဦးနှောက်ထဲကို ဝင်ရောက်လာတယ်။

  • အမှန် vs အမှား
  • မှန်ကန်ခြင်း vs မှားယွင်းခြင်း
  • မိမိ vs သူတပါး
  • လုံခြုံခြင်း vs အန္တရာယ်ရှိခြင်း
  • အကောင်း vs အဆိုး

ဒီဆန့်ကျင်ဘက်အတွဲတွေက ရှုပ်ထွေးတဲ့ ကမ္ဘာကြီးကို ရိုးရှင်းစေတယ်။ ဒါတွေဟာ လက်တွေ့ဘဝရဲ့ တိကျတဲ့ ဖော်ပြချက်တွေ မဟုတ်ဘဲ၊ မြူခိုးတွေကြားမှာ သင်ယူသူ လမ်းမပျောက်စေဖို့ အမှတ်အသား အထူကြီးတွေနဲ့ ရေးဆွဲထားတဲ့ အစောပိုင်းမြေပုံတွေသာ ဖြစ်ပါတယ်။

ကလေးတယောက်ဟာ ကမ္ဘာကြီးက အန္တရာယ်များပြီး ရှုပ်ထွေးတာကြောင့် ဆန့်ကျင်ဘက်အတွဲတွေကို လိုအပ်တယ်။ လူကြီးတယောက်ဟာလည်း ပင်ပန်းနွမ်းနယ်တဲ့အခါ၊ ဖိအားများတဲ့အခါ ဒါမှမဟုတ် ကြိုးကိုင်ခြယ်လှယ်ခံရတဲ့အခါ ဒီအတွေးအခေါ်ပုံစံဆီ ပြန်လည်ရောက်ရှိသွားတတတယ်။ ဒီအဆင့်က လမ်းညွှန်မှုကိုသာ ပေးနိုင်ပြီး၊ အမှန်တရားကိုတော့ မပေးနိုင်ပါဘူး။


အဆင့် ၂။ အဖြူအမည်းထက်မကတဲ့ ရောင်စဉ်တန်းပမာ နားလည်ခြင်းအဆင့်

နောက်ပိုင်းကျတော့ သင်ယူသူက ဆန့်ကျင်ဘက်တွေဟာ ရှင်းလင်းတဲ့ မျဉ်းတွေ မဟုတ်ကြောင်း တွေ့ရှိလာတယ်။ အဖြူအမည်းအစား အတွေ့အကြုံက မီးခိုးရောင်အဆင့်ဆင့်ကို ပြသလာတယ်။

ဒီအဆင့်မှာ နားလည်မှုဟာ ‘ဒါမဟုတ်ရင် ဟိုဟာ’ ကနေ ‘ပိုပြီး သို့မဟုတ် လျော့ပြီး’ ဆိုတဲ့ ပုံစံဆီ ပြောင်းလဲလာတယ်။

  • ပူခြင်း vs အေးခြင်း ဆိုတာကြားထဲမှာ နွေးခြင်း၊ ကြက်သီးနွေး၊ အေးစိမ့်စိမ့် ဖြစ်လာတယ်။
  • အမှန် vs အမှား ဆိုတာကြားထဲမှာ ရည်ရွယ်ချက်၊ အခြေအနေ၊ အတိုင်းအတာ၊ ထိခိုက်မှုတွေ ဖြစ်လာတယ်။
  • မှန်ကန်ခြင်း vs မှားယွင်းခြင်း ဆိုတာကြားထဲမှာ ဖြစ်နိုင်ခြေ၊ သေချာမှု၊ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေအဖြစ် ကွဲထွက်သွားတယ်။

ဒီအဆင့်က အရေအတွက်ပိုင်းဆိုင်ရာ အနုစိတ်ကွဲပြားမှုကို မိတ်ဆက်ပေးတယ်။ ဒါဟာ ဝေဖန်ပိုင်းခြား တွေးခေါ်မှုရဲ့ ပထမဆုံးသော အစစ်အမှန်ခြေလှမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်ရဲ့ အားနည်းချက်က ဝင်ရိုးတခုတည်းကိုသာ ယူဆထားတာ ဖြစ်တယ်။ အရောင်အသွေး အမျိုးမျိုးကို ဖော်ပြနိုင်ပေမဲ့ ဖြတ်ကျော်ဆက်စပ်မှုတွေကိုတော့ မကိုင်တွယ်နိုင်သေးပါဘူး။


အဆင့် ၃။ ချိတ်ဆက်ပုံသဏ္ဌာန်တွေနဲ့ နားလည်ခြင်းအဆင့်

သင်ယူသူက တခုတည်းသော မျဉ်းဖြောင့်အမြင်ကနေ ကျော်လွန်သွားတဲ့အခါ၊ အမြင်ပေါင်းစုံနဲ့ တွေးခေါ်တဲ့ နယ်ပယ်သစ်တခုဆီ ဝင်ရောက်လာတယ်။

ဒီအဆင့်မှာ ရှင်းလင်းချက်တွေက ချိတ်ဆက်ပုံသဏ္ဌာန်တွေအနေနဲ့ စတင်ပေါ်ပေါက်လာတယ်။ ဒီအဆင့်ကို ပုံတွေချဆွဲပြရင် ပိုရှင်းတယ်။ Graphic literacy လို့ခေါ်တဲ့ စာရွက်ပေါ်မှာ ဆွဲသားပြတဲ့ ပုံတွေကို နားလည်တာမျိုးဟာ ဒီအဆင့်အတွက် အတော်အကျိုးရှိတယ်။ ဇယားတွေ၊ စက်ဝိုင်းတွေ၊ ကွင်းဆက်တွေ ဖတ်တတ်တာ လိုလာတယ်။


၃(က)။ ဇယားကွက်ပုံနားလည်မှု (Grid)

ဇယားကွက်တခုက ဖြစ်ရပ်တခုဟာ တချိန်တည်းမှာ အရာများစွာ ဖြစ်နိုင်ကြောင်း အသိအမှတ်ပြုတယ်။ ကိုယ်ကျင့်တရားကို ဥပမာယူကြည့်ရင် အကောင်းအဆိုးဆိုတဲ့ အတိုင်းအတာ တခုတည်းအစား၊ ဇယားကွက်က ရည်ရွယ်ချက်၊ အကျိုးဆက်၊ လူမှုစံနှုန်း၊ အာဏာနဲ့ စိတ်ခံစားမှု သက်ရောက်မှုလိုမျိုး သီးခြားအကြောင်းအရာတွေကို ဖော်ပြတယ်။ ဇယားကွက်က သင်ယူသူကို ဘေးတိုက်ဆက်စပ်မှုတွေနဲ့ ဘာသာရပ်ဖြတ်ကျော် ချိတ်ဆက်မှုတွေကို မြင်နိုင်စေပါတယ်။

၃(ခ)။ စက်ဝိုင်း (Circle)

ဇယားကွက် ရင့်ကျက်လာတဲ့အခါ၊ အစွန်းနှစ်ဖက်ဟာ မကြာခဏ ထိစပ်နေကြောင်း တွေ့ရှိလာရတယ်။ စက်ဝိုင်းဟာ ဆန့်ကျင်ဘက်တွေ ပြန်လည်ပေါင်းစည်းခြင်းကို ကိုယ်စားပြုတယ်။

  • လွတ်လပ်မှုနဲ့ ပရမ်းပတာဖြစ်မှုဟာ အဆုံးစွန်မှာ ကွဲပြားတည်ရှိမှု မဟုတ်တော့ခြင်း
  • သေချာမှုနဲ့ မသိနားမလည်မှု နှစ်ခုစလုံးက အစွဲကြီး တယူသန်မှုကို ဖြစ်ပေါ်စေခြင်း
  • အစွန်းရောက်လက်ဝဲနဲ့ အစွန်းရောက်လက်ယာတို့ရဲ့ အာဏာရှင်ဆန်တဲ့ အလေ့အထတွေ တူညီလာခြင်း

စက်ဝိုင်းပုံ တွေးခေါ်မှုက ဝိရောဓိတွေကို အသိအမှတ်ပြုတယ်။ စနစ်တွေဟာ မျဉ်းဖြောင့်အတိုင်း မဟုတ်ဘဲ သံသရာလည်နေကြောင်း မြင်တယ်။ ဒါဟာ ဘာသာရပ်ပေါင်းစုံ တွေးခေါ်မှု၊ အနတ္တတရား၊ Category ခွဲမှုတွေရဲ့ မရေရာမှုကိုသိလာတာနဲ့ ဆက်နွှယ်မှုဆိုင်ရာအမြင်တွေ အားကောင်းစွာ ဝင်ရောက်လာတဲ့ နေရာဖြစ်ပါတယ်။


အဆင့် ၄။ စနစ်နဲ့ အပြန်အလှန်မှီခိုမှုကို နားလည်ခြင်း

သင်ယူသူက ဖွဲ့စည်းပုံကို မြင်တဲ့အခါ၊ စနစ်တွေကို နားလည်လာနိုင်တယ်။ စနစ်နဲ့ တွေးခေါ်မှုဟာ ဆက်ဆံရေးတွေကို မြေပုံထုတ်ရုံသာမက၊ အဲဒီ ဆက်ဆံရေးတွေက အချိန်နဲ့အမျှ အကျိုးဆက်တွေကို ဘယ်လို ဖြစ်ပေါ်စေသလဲ ဆိုတာကိုပါ လေ့လာတယ်။

ရာသီဥတု၊ ဘာသာစကား၊ ကိုလိုနီစနစ်၊ အမှတ်သညာ၊ စိတ်ခံစားမှု၊ နိုင်ငံတော်၊ ဈေးကွက်၊ ဘာသာတရား အားလုံးဟာ စနစ်တွေ ဖြစ်ကြတယ်။

ဒီအဆင့်မှာ သင်ယူသူက အောက်ပါအချက်တွေကို သိမြင်လာနိုင်ပါတယ်။

  • တုံ့ပြန်မှုကွင်းဆက်များ
  • မမျှော်လင့်ဘဲ ပေါ်ထွက်လာတဲ့ အပြုအမူများ
  • မျဉ်းဖြောင့်မကျတဲ့ သက်ရောက်မှုများ
  • အချိန်ကြာမှ ပေါ်ထွက်လာတဲ့ အကျိုးဆက်များ
  • အပြန်အလှန်မှီခိုမှု
  • မရည်ရွယ်တဲ့ အကျိုးဆက်များ

စစ်မှန်တဲ့ နိုင်ငံရေးဆိုင်ရာ နားလည်တတ်ကျွမ်းမှုဆိုတာ ဒီအဆင့်ကနေ စတင်ပါတယ်။


အဆင့် ၅။ သမိုင်းစဉ်နဲ့ လူသားပါဝင်မှု နားလည်ခြင်းအဆင့်

စနစ်တခုကို သူ့ရဲ့ သမိုင်းကို နားမလည်ဘဲ နားလည်နိုင်မှာ မဟုတ်ပါဘူး။ အစိတ်အပိုင်းတခုစီမှာ သမိုင်းစဉ်ရှိသလို၊ ဆက်နွှယ်မှုတွေမှာလည်း သမိုင်းစဉ်ရှိတယ်။ သမိုင်းစဉ်ဆိုတာ ရက်စွဲတွေအကြောင်း မဟုတ်ဘဲ၊ အတွေးအခေါ်၊ အဖွဲ့အစည်းနဲ့ အပြုအမူတွေဟာ အချိန်နဲ့အမျှ ဘယ်လို စုပုံလာသလဲ ဆိုတာကို နားလည်ခြင်း ဖြစ်တယ်။ ဒီကနေတဆင့် လူသားပါဝင်မှု (Human factor) ကြောင့် ဘာတွေ ပြောင်းလဲလာတယ်ဆိုတာကို လေ့လာနားလည်လာပါမယ်။

သမိုင်းစဉ်နဲ့ တွေးခေါ်မှုက အောက်ပါအချက်တွေကို ဖော်ထုတ်ပေးပါတယ်။

  • သမိုင်းဆိုင်ရာ မတော်တဆဖြစ်ရပ်များ
  • လမ်းကြောင်းမှီခိုမှု
  • အလှည့်အပြောင်းဖြစ်စေတဲ့ အဖြစ်အပျက်များ
  • မေ့လျော့ခံရတဲ့ အခြားရွေးချယ်စရာများ
  • ယဉ်ကျေးမှုဆိုင်ရာ မှတ်ဉာဏ်
  • အမွေဆက်ခံလာတဲ့ ယူဆချက်များ

ဒီအဆင့်က စာရေးသူတို့ရဲ့ အဖွဲ့အစည်းတွေအောက်က ကိုယ်ကျင့်တရားဆိုင်ရာ အနည်အနှစ်တွေကို ဖော်ထုတ်ပြတယ်။ စနစ်တွေဟာ ကံကြမ္မာမဟုတ်ကြောင်း၊ ပြန်လည်ပုံဖော်နိုင်တဲ့ သမိုင်းဆိုင်ရာ စီမံမှုတွေသာဖြစ်ကြောင်း ဒီအဆင့်မှာမှ သင်ယူသူက မြင်နိုင်ပါတယ်။


ဘာကြောင့် ဒီအဆင့် ၅ ဆင့်က အရေးကြီးသလဲ

နိုင်ငံရေးငြင်းခုံမှု၊ ကိုယ်ကျင့်တရားဆိုင်ရာ ပဋိပက္ခနဲ့ ပညာရေးစိန်ခေါ်မှုတိုင်းဟာ ဒီနားလည်မှုအဆင့်များကြား တိုက်ဆိုင်မှု တစိတ်တပိုင်း ဖြစ်နေတတ်တယ်။

  • အဆင့် ၁ မှာ ရှိနေသူက သစ္စာဖောက်မှုလို့ မြင်တဲ့အရာကို အဆင့် ၄ မှာ ရှိနေသူက ဖွဲ့စည်းပုံဆိုင်ရာ မက်လုံးတွေအဖြစ် မြင်တယ်။
  • အဆင့် ၂ မှာ ရှိနေသူက အနုစိတ်ကွဲပြားမှုကို မြင်ပေမဲ့၊ အဆင့် ၃ မှာ ရှိနေသူက ဝိရောဓိကို မြင်တယ်။
  • အဆင့် ၄ မှာ ရှိနေသူက ရှုပ်ထွေးမှုကို မြင်ပေမဲ့၊ အဆင့် ၅ မှာ ရှိနေသူက အဲဒီ ရှုပ်ထွေးမှုကိုယ်တိုင် ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာကို မြင်တယ်။

သင်ကြားခြင်းဆိုတာ အကြောင်းအရာတွေကို ပို့ချခြင်းမဟုတ်ဘဲ၊ လူတွေကို အဆင့် ၁ ကနေ အဆင့် ၅ ဆီ လမ်းညွှန်ပေးခြင်း ဖြစ်ပါတယ်။


ဘာကိုမှတ်မလဲ

လူသားတွေရဲ့ နားလည်မှုဟာ ဒီပုံစံမှာ ချဲ့ထွင်မှု ၅ ဆင့်နဲ့ ကြီးထွားလာတယ်။

  1. ဆန့်ကျင်ဘက်နှစ်ခု – ကမ္ဘာကြီးကို ဆန့်ကျင်ဘက်များအဖြစ် လျှော့ချခြင်း
  2. အတိုင်းအတာ – ကမ္ဘာကြီးကို ရောင်စဉ်လို ရွေ့လျားမှုတွေနဲ့ ဖော်ပြခြင်း
  3. ပုံသဏ္ဌာန် – ကမ္ဘာကြီးကို ဖွဲ့စည်းပုံနဲ့ မြေပုံထုတ်ခြင်း
  4. စနစ် – ကမ္ဘာကြီးကို အပြန်အလှန်မှီခိုမှုနဲ့ နားလည်ခြင်း
  5. သမိုင်းစဉ် – ကမ္ဘာကြီးကို အချိန်နဲ့ လူသားပါဝင်မှုကတဆင့် ရှင်းပြခြင်း


အဆင့်တွေဟာ အစားထိုးခြင်းမဟုတ်ဘဲ စုပုံလာတာ ဖြစ်တယ်။ အသိဉာဏ်အရှိဆုံးသော တွေးခေါ်ရှင်ပင် တခါတလေ ဆန့်ကျင်ဘက် အတွေးအခေါ်ဆီ ပြန်ရောက်သွားတတ်တယ်။ ကလေးတယောက်ပင် စနစ်တွေကို အလိုလို သိမြင်နိုင်တယ်။ ဒါပေမဲ့ ဉာဏ်ပညာရင့်ကျက်မှုရဲ့ ဦးတည်ရာကတော့ ရှင်းလင်းပါတယ်။ ရိုးရှင်းမှုကနေ ဆက်စပ်ချိတ်ဆက်မှုဆီ၊ ဆက်စပ်ချိတ်ဆက်မှုကနေ သမိုင်းဆီ သွားတာပဲ ဖြစ်ပါတယ်။


နားလည်မှုဆိုတာ စာရေးသူတို့ အချက်အလက်တွေ ပိုမို သိရှိလာတာကြောင့် မဟုတ်ဘဲ၊ ပိုမိုပြည့်စုံတဲ့ ပုံသဏ္ဌာန်တွေနဲ့ တွေးခေါ်တတ်လာတာကြောင့် ပိုမိုနက်ရှိုင်းလာတာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။