• Published on

    ကွန်ဖက်ဒရယ်စနစ်

    ဒီနေ့ နိုင်ငံရေးအခင်းအကျင်းမှာ "ကွန်ဖက်ဒရေးရှင်း" နဲ့ "ဖက်ဒရေးရှင်း" ဆိုတဲ့ အသုံးအနှုန်းတွေကို မကြာခဏ တခုအစား တခုသုံးနေကြတယ်၊ အဲဒီအသုံးအနှုန်းတွေရဲ့ အဓိပ္ပာယ်တွေဟာ နိုင်ငံရေးသီအိုရီအရ အတော်ကွဲပြားနေပါတယ်။ ရိုးရှင်းတဲ့ လေ့လာသူအတွက်၊ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည်ထောင်စုတို့ဟာ တနည်းနည်းနဲ့ "ကွန်ဖက်ဒရေးရှင်း" လို့ ထင်ရနိုင်ပေမယ့်၊ ပိုပြီးနီးကပ်စွာကြည့်ရင် မူလအဓိပ္ပာယ်အရ ကွန်ဖက်ဒရေးရှင်းရဲ့ သဘာဝဟာ ကျွန်တော်တို့ခေတ်မှာ အတော်ပျောက်ကွယ်သွားပြီ ဖြစ်တယ်။ အမှန်တကယ်မှာ ကွန်ဖက်ဒရေးရှင်းဆိုတာ ဘာလဲ? ပြီးတော့ ဘာကြောင့် အဲဒီအိုင်ဒီယာကို ကျွန်တော်တို့ခေတ်မှာ အဓိပ္ပာယ်ဖွင့်ဖို့ ခက်နေရတာလဲ?
    ဒီမေးခွန်းတွေဟာ နည်းပညာဆိုင်ရာ အင်စတီကျူးရှင်းဒီဇိုင်းတွေကို ကျော်လွန်ပါတယ်။ သူတို့က ပိုနက်နဲတဲ့ စိုးရိမ်မှုတွေကို ထိတွေ့ပါတယ် - နိုင်ငံရေးအသိုင်းအဝိုင်းတွေက ဗဟိုအာဏာကို ဘယ်လောက်အာဏာ အပ်နှင်းသင့်သလဲ၊ သူတို့ရဲ့ သရုပ်သဏ္ဌာန်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းနိုင်ဖို့ ဘယ်လောက်အတိုင်းအတာ လွတ်လပ်ခွင့် လိုအပ်လဲ?
    ၎င်းရဲ့ ရှေးရိုးပုံစံမှာ၊ ကွန်ဖက်ဒရေးရှင်းဆိုတာ အချုပ်အခြာအာဏာပိုင် နိုင်ငံရေးအသိုင်းအဝိုင်းတွေ - နိုင်ငံတွေ၊ လူမျိုးတွေ၊ ဒါမှမဟုတ် လူတွေရဲ့ သမေ္မာဖွဲ့စည်းမှုတခု ဖြစ်တယ်၊ သူတို့ဟာ တချို့ဘုံရည်ရွယ်ချက်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ကြတယ်၊ အထူးသဖြင့် လုံခြုံရေး၊ သံတမန်ရေး၊ ဒါမှမဟုတ် စီးပွားရေးဖလှယ်မှုတွေ ဖြစ်တယ်။ ဒါဟာ ဒီဇိုင်းအားဖြင့်၊ ထိခိုက်လွယ်တဲ့ ဟန်ချက်တခု ဖြစ်တယ် - အဖွဲ့ဝင်တိုင်းက သူတို့ရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာကို နောက်ဆုံး ဆုံးဖြတ်ခွင့် ထိန်းထားတယ်၊ အဲဒီအချိန်မှာပဲ ဗဟိုအဖွဲ့က အတိုင်းအတာနဲ့ အာဏာမှာ တိုက်ရိုက်ကန့်သတ်ချက်ရှိတယ်။
    ကွန်ဖက်ဒရယ်ဝါဒရဲ့ အမှတ်အသားတွေကတော့ -
    • ဆုံးဖြတ်ချက်ချမှတ်ခြင်းဟာ သဘောတူညီမှုရယူတယ်၊ မကြာခဏဆိုသလို တညီတညွတ်တည်းဖြစ်တယ်။
    • နုတ်ထွက်ခြင်းဟာ ဖြစ်နိုင်တယ် - အမှန်တော့၊ မကြာခဏဆိုသလို တရားဝင်သတ်မှတ်ထားတယ်။
    • ဗဟိုက နိုင်ငံသားတွေကို တိုက်ရိုက်အုပ်ချုပ်ခြင်းမရှိဘဲ အဖွဲ့ဝင်ယူနစ်တွေအားဖြင့်သာ လုပ်ဆောင်တယ်။
    ဒါကြောင့် ကွန်ဖက်ဒရေးရှင်းဆိုတာ နိုင်ငံတခုမဟုတ်ဘဲ စာချုပ်အခြေခံတဲ့ အသင်းအဖွဲ့တခု ဖြစ်တယ်။ သူ့ရဲ့ အာဏာဟာ လွှဲအပ်ခံထားရတယ်၊ လူအားလုံးဆီက ဆင်းသက်လာတာ မဟုတ်ဘူး၊ ပြီးတော့ သူ့ရဲ့ သဟဇာတဖြစ်မှုဟာ ဥပဒေထက် ယုံကြည်မှုအပေါ်မှာ မှီခိုတယ်။ သူဟာ အနှစ်သာရအားဖြင့် အချုပ်အခြာအာဏာပိုင် တန်းတူတွေကြားမှာ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ပုံစံတခု ဖြစ်တယ်။
    တကယ့်လက်တွေ့မှာတော့၊ ကွန်ဖက်ဒရေးရှင်းတွေဟာ ကြာကြာမခံကြဘူး။ သမိုင်းက မြိတ်ဖွယ်သာ ဥပမာတွေကို ပေးထားတယ်။ ကွန်ဖက်ဒရေးရှင်း သဘောတူညီချက်တွေအောက်မှာ အစောပိုင်း အမေရိကန်ပြည်ထောင်စုဟာ အခွန်ကောက်ဖို့ ဒါမှမဟုတ် ဥပဒေတွေကို သက်ရောက်စေမှုရှိဖို့ စွမ်းရည်မရှိခဲ့ဘူး - ဒါဟာ အလွန်အမင်း ဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ စီမ်းသပ်မှုတခု ဖြစ်ပြီး ဒသမနှစ်အတွင်းမှာ ပိုအားကောင်းတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို နေရာယူခဲ့တယ်။ ၁၉ ရာစုကျော် ဂျာမန်ကွန်ဖက်ဒရေးရှင်းဟာလည်း အလားတူပဲ သက်တမ်းတိုခဲ့တယ်၊ နောက်ဆုံးမှာ တစည်းတလုံးတည်းဖြစ်တဲ့ နိုင်ငံတခုနဲ့ အစားထိုးခံခဲ့ရတယ်။
    ဆွစ်ဇာလန်ကွန်ဖက်ဒရေးရှင်းပင်လျှင်၊ သူ့နမည်က တခြားသဘောရှိသော်လည်း၊ ၁၈၄၈ ခုနှစ်မှာ ကွန်ဖက်ဒရယ်မော်ဒယ်ကို စွန့်လွှတ်ခဲ့ပြီး ခိုင်ခံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီတခုအဖြစ် အသွင်ပြောင်းခဲ့တယ်။ ဒီနေ့မှာ၊ ဆွစ်ဇာလန်ဟာ ကမ္ဘာ့အဗဟိုပြုဆုံး ဖက်ဒရေးရှင်းတွေထဲက တခု ဖြစ်နိုင်ပေမယ့်၊ သူဟာ သီအိုရီအရ ကွန်ဖက်ဒရေးရှင်းတခု မဟုတ်တော့ဘူး။
    ဒီပုံစံက သင်ခန်းစာပဲ - ကွန်ဖက်ဒရေးရှင်းတွေ ဖြစ်ပေါ်လာတဲ့နေရာမှာ၊ သူတို့ဟာ ဖျက်သိမ်းခံရတယ် ဒါမှမဟုတ် ဖက်ဒရေးရှင်းတွေအဖြစ် ဆင့်ကဲပြောင်းလဲသွားတယ်။ ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ ဘုံလုပ်ဆောင်မှုတွေရဲ့ စိန်ခေါ်မှုတွေ - စစ်ပွဲ၊ ကုန်သွယ်ရေး၊ ဒါမှမဟုတ် လူဝင်လူထွက်ဖြစ်စေ - အလွတ်သဘောအသင်းအဖွဲ့တွေက ပေးရန်ရုန်းကန်နေရတဲ့ စွမ်းရည်တွေ လိုအပ်လို့ပဲ။
    ဒါပေမယ့်လည်း၊ မျက်မှောက်ခေတ် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်တွေ ခေတ်မှာ အထူးသဖြင့် ကွန်ဖက်ဒရယ်အိုင်ဒီယာအတွက် ဆက်လက်တည်ရှိနေတဲ့ ဆန္ဒတခု ရှိနေတယ်။ ဥရောပသမဂ္ဂကို စဉ်းစားကြည့်ပါ။ အဲဒါဟာ နိုင်ငံတခုလည်း မဟုတ်သလို သာမန်မဟာမိတ်လည်း မဟုတ်ဘူး။ အဲဒီမှာ ဘုံငွေကြေး၊ ပါလီမန်၊ တရားရုံး၊ နဲ့ ဗျူရိုကရေစီတို့ ရှိတယ်။ အဲဒါဟာ နယ်စပ်တွေကို ဖြတ်ကျော်ပြီး ဥပဒေပြုတယ်၊ ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ သရုပ်သဏ္ဌာန်တွေကို ဆက်လက်ထိန်းသိမ်းထားတယ်။
    ဥရောပသမဂ္ဂဟာ ကွန်ဖက်ဒရေးရှင်းတခုလား? အချို့က သူဟာ ကွန်ဖက်ဒရေးရှင်းတခုဖြစ်တယ်လို့ ငြင်းခုံကြတယ် - ပိုမိုးဒန်နောက်ပိုင်းကွန်ဖက်ဒရယ်ဝါဒရဲ့ ပုံစံအသစ်တခုပေါ့။ အခြားသူတွေကတော့ အဲဒါကို ဖြစ်ပေါ်လာနေတဲ့ ဖက်ဒရယ်အစီအစဉ်တခုအဖြစ် မြင်ကြတယ်။ ဒါပေမယ့် ပိုကောင်းတဲ့အဖြေကတော့ ဥရောပသမဂ္ဂဟာ တတိယအမျိုးအစားတခုကို သရုပ်ဖော်နေတာဖြစ်တယ် - နိုင်ငံနဲ့ မဟာမိတ်အဖွဲ့ကြား မျဉ်းတွေကို ဝါးမွှေးသွားစေတဲ့ နိုင်ငံအထက်လွန်နိုင်ငံရေးအဖွဲ့တခုပေါ့။ အဲဒါဟာ ရှေးဟောင်းမေးခွန်းတခုအတွက် လက်တွေ့ကျတဲ့ အဖြေတခု ဖြစ်ပါတယ် - အသိုင်းအဝိုင်းတွေဟာ သူတို့ကိုယ်သူတို့ အလျော့မပေးဘဲ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်တာ ဘယ်လိုလဲ?
    ရှုပ်ထွေးမှုဟာ နိုင်ငံရေးအသုံးအနှုန်းတွေက နိုင်ငံရေးလက်တွေ့မှာ လိုက်မမီလို့ ဖြစ်ပေါ်လာတာပါ။ "ကွန်ဖက်ဒရေးရှင်း" ဆိုတာ တခါက သီးခြားဥပဒေဆိုင်ရာ စီစဉ်မှုတခုကို ဆိုလိုခဲ့တယ်။ ဒီနေ့မှာတော့၊ အဲဒါကို မကြာခဏ စံနှုန်းအရ သုံးကြတယ်၊ လျော့ရဲတဲ့ ပေါင်းစည်းမှု၊ အပြန်အလှန်လေးစားမှု၊ နဲ့ ဒေသခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နှစ်သက်ကြောင်း ဖော်ပြဖို့ပေါ့။
    ဒီနေ့မှာ ကွန်ဖက်ဒရယ်ဝါဒရဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါဘူး။ ပြီးတော့ ဒါဟာ သင့်တော်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီအသုံးအနှုန်းဟာ ဖော်ပြချက်တခုထက် နိုင်ငံရေးရည်မှန်းချက်တခု - လွှမ်းမိုးမှုမရှိတဲ့ စည်းလုံးမှု၊ ချမှတ်တာထက် မျှဝေထားတဲ့ အာဏာ အမြင်တခု ပိုဖြစ်လာလို့ပါပဲ။
    ဒါပေမယ့် ရည်မှန်းချက်တွေဟာ ပုံစံတွေ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးတည်ဆောက်သူတွေက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကွန်ဖက်ဒရယ်အစီအစဉ်တွေကို အဆိုပြုတဲ့အခါ၊ ဒါမှမဟုတ် ခွဲထွက်ရေးလှုပ်ရှားမှုတွေက လွတ်လပ်ရေးအတွက် တောင်းဆိုချက်တွေကို ပျော့ပျောင်းစေဖို့ အဲဒီအသုံးအနှုန်းကို သုံးတဲ့အခါ၊ သူတို့ ဘာဆိုလိုတယ်ဆိုတာ အမြဲတမ်း ရှင်းလင်းတာမဟုတ်ဘူး။ ရည်မှန်းချက်က ဘုံအုပ်ချုပ်မှုလား? ပြိုင်တူအချုပ်အခြာအာဏာလား? အတင်းအကျပ်မပါဘဲ ညှိနှိုင်းဆောင်ရွက်မှုလား?
    မိမိတို့ မေးရမှာကတော့ - နိုင်ငံရေးအသိုင်းအဝိုင်းတွေဟာ အင်အားသုံးတာမဟုတ်ဘဲ ရွေးချယ်မှုအားဖြင့် ဘယ်လောက်အတိုင်းအတာအထိ တွဲဖက်ထားနိုင်သလဲ? ပြီးတော့ အပြန်အလှန်မှီခိုရတာ မရှောင်လွှဲနိုင်တဲ့ ကမ္ဘာမှာ စစ်မှန်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ဘယ်လိုပုံသဏ္ဌာန်နဲ့ တူသလဲ?
    ဒါမှမဟုတ် နိုင်ငံရေးအစီအစဉ်တခုဟာ ကွန်ဖက်ဒရေးရှင်းတခုဟုတ်မဟုတ် မေးတာကို ရပ်လိုက်ပြီး ကွန်ဖက်ဒရယ်ယုတ္တိကို ဘယ်လောက် ပါဝင်သလဲ စတင်မေးသင့်တယ်။ စက်တရမ်းတခုကို စိတ်ကူးကြည့်ပါ -
    • တဘက်မှာ၊ တစုံတခုစနစ်ရှိတဲ့နိုင်ငံ၊ အာဏာအားလုံးက ဗဟိုက စီးဆင်းတယ်။
    • အခြားတဘက်မှာ၊ ကွန်ဖက်ဒရေးရှင်း၊ အာဏာအားလုံးက အစိတ်အပိုင်းတွေမှာ ဆက်ရှိနေတယ်။
    • ကြားမှာ၊ အစီအစဉ်တွေ အမျိုးမျိုး - ဖက်ဒရေးရှင်းတွေ၊ သမဂ္ဂတွေ၊ ညွန့်ပေါင်းတွေ - တိုင်းက စည်းလုံးမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နည်းလမ်းမျိုးစုံနဲ့ ချိန်ညှိထားတယ်။
    ဒါကြောင့်၊ ကွန်ဖက်ဒရယ်ဝါဒဆိုတာ သတ်မှတ်ထားတဲ့ မော်ဒယ်တခုမဟုတ်ဘဲ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးအိုင်ဒီယာတခု ဖြစ်တယ် - သီးခြားအသိုင်းအဝိုင်းတွေရဲ့ ဂုဏ်သိက္ခာကို လေးစားရင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ ကောင်းကျိုးတွေကို လက်ခံတဲ့ အုပ်ချုပ်မှုအတွက် တိုက်တွန်းချက်တခုပေါ့။ နိုင်ငံရေးစည်းလုံးညီညွတ်မှုဟာ ချမှတ်ရမယ့်အရာမဟုတ်ဘဲ ရရှိရမယ့်အရာဖြစ်တယ်ဆိုတာ သတိပေးတယ်။
    အာဏာရှင်ဗဟိုဝါဒနဲ့ ခွဲထွက်ရေးဝါဒဖြစ်တဲ့ အစိတ်စိတ်အမွှာမွှာဖြစ်ခြင်းတွေက ဘုံကောင်းကျိုးကို ခြိမ်းခြောက်နေတဲ့ အချိန်မှာ၊ ကွန်ဖက်ဒရယ်ဝါဒရဲ့ စိတ်ဓာတ် - သူ့ရဲ့ နှိမ့်ချမှု၊ အပြန်အလှန်အသိအမှတ်ပြုမှုကို ကတိကဝတ်ပြုမှုတို့ဟာ သူ့ရဲ့ အင်စတီကျူးရှင်းပုံစံထက် ပိုမိုတန်ဖိုးရှိနိုင်ပါတယ်။

  • Published on

    ဖက်ဒရယ်စနစ်ဆိုတာ ဘာကိုပြောတာလဲ?

    "ဖက်ဒရယ်စနစ်" လို့ ပြောတဲ့အခါ ဘာကို ဆိုလိုတာလဲ? အဲဒါဟာ ရှင်းလင်းစွာ သတ်မှတ်ထားတဲ့ နိုင်ငံရေးဖွဲ့စည်းပုံတခုလား၊ ဒါမှမဟုတ် မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားက အမျိုးမျိုးသော မျှော်လင့်ချက်တွေနဲ့ ကြောက်ရွံ့မှုတွေကို ထင်ဟပ်ပြီး အဓိပ္ပာယ်ပေါင်းများစွာ ဆောင်တဲ့ သဘောတရားတခုလား? "ဖက်ဒရယ်စနစ်" ဆိုတဲ့ စကားလုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုတွေ၊ ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေနဲ့ မတူကွဲပြားမှုကို စီမံခန့်ခွဲခြင်းအကြောင်း ဆွေးနွေးမှုတွေထဲမှာ ပဲ့တင်ထပ်နေပေမယ့်၊ အခင်းအကျင်းနဲ့ ကိုယ်စီရည်မှန်းချက်တွေပေါ် မူတည်ပြီး အဲဒီရဲ့ ဖွင့်ဆိုမှုတွေက ရွေ့လျားနေတာပါ။

    ခေတ်သစ်နိုင်ငံရေးအခင်းအကျင်းမှာ ဖက်ဒရယ်စနစ်ကို နားလည်ခဲ့ကြပြီး အသုံးချခဲ့ကြတဲ့ အမျိုးမျိုးသော နည်းလမ်းတွေကို ခဏတာ စဉ်းစားကြည့်ပါ။

    အချို့အတွက်၊ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရဟာ အစိုးရအဆင့်မတူတဲ့အလွှာတွေကြား အာဏာခွဲဝေမှုမှာ တည်ရှိတယ်။ ဒါဟာ ဗဟိုအစိုးရ ဒါမှမဟုတ် ဖက်ဒရယ်အစိုးရနဲ့ ဒေသအလိုက်ယူနစ်တွေကြား အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခွဲခြားထားမှုအပေါ် အလေးပေးတဲ့ ရှေးရိုးအင်စတီကျူးရှင်းဆိုင်ရာ အမြင်ဖြစ်တယ်။ ဥပမာ ပြည်နယ်တွေ၊ စီရင်စုတွေ၊ ဒါမှမဟုတ် ဒေသတွေရှိသမျှပေါ့။ အမေရိကန်ပြည်ထောင်စုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝါရှင်တန်ဒီစီနဲ့ တစ်ဖက်က တစ်ခုချင်းပြည်နယ်တွေအတွက် အာဏာတွေကို ရှင်းလင်းစွာသတ်မှတ်ထားပြီး ဖက်ဒရယ်စနစ်လက်စွဲစာအုပ်ဥပမာတခုအဖြစ် အသုံးဝင်နေတယ်။ အလားတူပဲ၊ ဂျာမနီရဲ့ လန်ဒါတွေဟာ ပညာရေး၊ ရဲလုပ်ငန်း၊ နဲ့ ယဉ်ကျေးမှုလိုနေရာတွေမှာ အရေးပါတဲ့ အာဏာကို ထိန်းသိမ်းထားတယ်။ ဖက်ဒရယ်စနစ်ရဲ့ ဒီနားလည်မှုဟာ အခြေခံအားဖြင့် ဥပဒေရေးရာနဲ့ အင်စတီကျူးရှင်းဆိုင်ရာ အာမခံချက်တွေနဲ့ ဆိုင်တယ်။ အစိုးရကြီးရဲ့ တဖက်သတ်အဆင့်က တခြားသူတွေကို တဖက်သတ်လွှမ်းမိုးနိုင်တာမျိုး မရှိစေနိုင်ဖို့၊ ခွဲစိတ်ဝေမျှထားတဲ့ အချုပ်အခြာအာဏာမှာ အမြစ်တွယ်ထားတဲ့ စစ်ဆေးမှုနဲ့ ချိန်ညှိမှုစနစ်တခု ဖန်တီးဖို့ဖြစ်တယ်။

    ဒါပေမယ့်၊ အလွန်ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ နောက်ထပ်အရေးကြီးတဲ့ အဓိပ္ပာယ်တခုကို ရရှိလာတယ်။ စုံလင်ကွဲပြားမှုကို ကာကွယ်ထိန်းသိမ်းခြင်းပေါ့။ ဒီနေရာမှာ၊ နိုင်ငံရေးဖွဲ့စည်းပုံဟာ တခုတည်းသော နိုင်ငံရေးစနစ်အတွင်း လူမျိုးရေး၊ ဘာသာစကား၊ ဒါမှမဟုတ် ယဉ်ကျေးမှုကွဲပြားမှုတွေကို စီမံခန့်ခွဲဖို့ အရေးပါတဲ့ ကိရိယာတခုအဖြစ် မြင်တယ်။ ဥပမာ၊ အိန္ဒိယဟာ သူ့ရဲ့ ကျယ်ပြန့်တဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းစဉ်းစားဖို့ ပြည်နယ်တွေကို အများအားဖြင့် ဘာသာစကားလိုင်းတွေအတိုင်း ဖွဲ့စည်းထားတယ်။ ဘယ်လ်ဂျီယံလည်း သူ့ရဲ့ သီးခြားဘာသာစကားအုပ်စုတွေကို ထင်ဟပ်စေဖို့ ဒေသတွေနဲ့ အသိုင်းအဝိုင်းတွေအဖြစ် ဘာသာစကားအခြေခံပြီး ဖွဲ့စည်းထားတယ်။ ဘယ်လ်ဂျီယံအတွက်တော့ ဒတ်ချ်၊ ပြင်သစ် နဲ့ ဂျာမန်စကားပြောသူတွေလိုပေါ့။ ဒီရှုထောင့်မှာ၊ ဖက်ဒရယ်စနစ်ဟာ သာမညတော်ရုံ အာဏာခွဲဝေမှုအကြောင်းထပ်ပိုသွားပါတယ်။ အတူတကွယှဉ်တွဲနေထိုင်မှုရဲ့ လက်တွေ့လုပ်ငန်းအကြောင်း ပိုဖြစ်တယ်။ ကြီးမားတဲ့ ပြည်ထောင်စုအတွင်း သူတို့ရဲ့ ထူးခြားတဲ့ သရုပ်သဏ္ဌာန်တွေကို ထိန်းသိမ်းဖို့ အုပ်စုမတူတဲ့သူတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစုံတရာတိုင်းတာ ပေးခြင်းဖြစ်တယ်။

    တတိယအမြင်တခုကတော့ ဖက်ဒရယ်စနစ်ကို အာဏာရှင်ဆန်မှုဆန့်ကျင်ရေး အကာအကွယ်အဖြစ် မြင်တယ်။ ဒီနားလည်မှုဟာ နိုင်ငံရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်မှုအပေါ် အမြစ်တွယ်နေပြီး ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းကို ဗဟိုချုပ်ကိုင်ထားတဲ့ အာဏာက ဖိစီးချုပ်ချယ်မှု ဒါမှမဟုတ် ဖိနှိပ်မှုပုံစံဖြစ်လာနိုင်တဲ့ အလားအလာကို စစ်ဆေးဖို့ နည်းလမ်းတခုအဖြစ် မြင်တယ်။ အားကောင်းတဲ့ ကန်တွန်လွတ်လပ်ရေးရှိတဲ့ ဆွစ်ဇာလန်ဟာ ဒီအမြင်ကို သရုပ်ဖော်ပြတယ်။ ဒေသခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နိုင်ငံတော်ကနေ အလွန်အကျွံထိန်းကွပ် သက်ရောက်စေမှုဖြစ်နိုင်တာကို မဖြစ်အောင် ဖက်ဒရယ်ကို ကာကွယ်ရေးအဖြစ် တန်ဖိုးထားတယ်။ နိုင်ဂျီးရီးယား ဖက်ဒရယ်ဖွဲ့စည်းပုံမှာ သီအိုရီအရ ရည်ရွယ်ချက်ကတော့ ယေဘုယျအားဖြင့် အာဏာကို လူ့အသိုင်းအဝိုင်းများစွာတို့တွင် ဖြန့်ဝေခြင်းဖြင့် တမျိုးက တခြားမျိုးပေါ် လွှမ်းမိုးမှုကို တားဆီးဖို့ ဖြစ်တယ်။ ဒီချဉ်းကပ်နည်းက ဖက်ဒရယ်စနစ်ကို လွတ်လပ်မှုအတွက် အကာအကွယ်အဖြစ် မီးမောင်းထိုးပြပြီး၊ အာဏာရဲ့ အန္တရာယ်ရှိတဲ့ စုစည်းမှုကို တားဆီးဖို့ အာဏာကို ဖြန့်ကျက်ထားဖို့ ကြိုးစားတယ်။

    ဖယ်ကြဉ်ခံရတဲ့ ဒါမှမဟုတ် ဖိနှိပ်ခံအုပ်စုတွေအတွက်၊ အထူးသဖြင့် ကိုလိုနီလွန်ခေတ် ဒါမှမဟုတ် ပဋိပက္ခသက်ရောက်ခံရတဲ့ ဒေသတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ နိုင်ငံရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကိုယ်စားပြုနိုင်တယ်။ ဒီနေရာမှာ၊ အဲဒါဟာ အုပ်ချုပ်ရေးဖွဲ့စည်းပုံသက်သက်မဟုတ်ဘဲ အသိုင်းအဝိုင်းတွေက သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စရပ်တွေကို ထိန်းချုပ်ဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ မျှော်လင့်နေတဲ့ မူဘောင်တခု ဖြစ်တယ်။ အီသီယိုးပီးယားရဲ့ လူမျိုးရေးဖက်ဒရယ်စနစ်ဟာ၊ (အနည်းဆုံး သီအိုရီအရတော့) လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြု ဖော်ပြမှတ်တမ်းတင်ထားပေမယ့်၊ လက်တွေ့အကောင်အထည်ဖော်မှုဟာ ဆန့်ကျင်ဘက်အနေနဲ့ တခါတလေမှာ အခြေအနေအသစ်တွေကို ဖြစ်ပေါ်စေခဲ့တာလည်းရှိတယ်။ မြန်မာနိုင်ငံက ဌာနေလူမျိုးအများအပြားဟာ ဗမာလူမျိုးကြီးစိုးတဲ့ ဗဟိုနိုင်ငံတော်ကနေ ကျွန်မှုလွတ်မြောက်ရေးလမ်းကြောင်းအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဖက်ဒရယ်စနစ်ကို ကြာရှည်စွာ တောင်းဆိုခဲ့ကြတယ်။ ဒါဟာ လွတ်မြောက်ရေးစီမံကိန်းအဖြစ် ဖက်ဒရယ်စနစ်ကို ရှုမြင်မှုလည်းဖြစ်တယ်။ ရှင်သန်ရေးနဲ့ မိမိတို့ အုပ်စုရဲ့ စုပေါင်းသရုပ်သဏ္ဌာန်ထိန်းချုပ်မှု မြှင့်တင်ရေးအတွက် နည်းလမ်းတခုပေါ့။

    သူ့ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဒါမှမဟုတ် အကာအကွယ်ပေးရေးအခန်းကဏ္ဍတွေကို ကျော်လွန်ပြီး၊ အချို့က ဖက်ဒရယ်စနစ်ကိုယ်တိုင်သည် အသက်ဝင်စွာနဲ့ ဒီမိုကရေစီစမ်းသပ်မှုတခုအဖြစ် မြင်ကြတယ်။ ဒီအမြင်မှာ၊ ဖက်ဒရယ်စနစ်ဟာ ကြားနေပုံစံတခု မဟုတ်ဘဲ ဒေသဆိုင်ရာယူနစ်တွေက အိုင်ဒီယာအသစ်တွေ၊ မူဝါဒတွေ၊ နဲ့ အုပ်ချုပ်ရေးပုံစံတွေကို စမ်းသပ်နိုင်တဲ့ အသက်ဝင်နေတဲ့ နိုင်ငံရေးဓာတ်ခွဲခန်းတခု ဖြစ်တယ်။ အခြားသူတွေကို သူတို့ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကနေ သင်ယူခွင့်ပေးတယ်။ သာဓကပြောရရင်၊ ကနေဒါရဲ့ ပြည်နယ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကို ချဉ်းကပ်ပုံမတူတဲ့နည်းတွေ ချမှတ်ဖို့ လွတ်လပ်ခွင့်ရှိတယ်။ စပိန်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသိုင်းအဝိုင်းတွေဖြစ်တဲ့ ကက်တလိုးနီးယားနဲ့ ဘက်စ်ကာဒေသတွေလိုနေရာတွေမှာလည်း သီးခြားအုပ်ချုပ်ရေးပုံစံတွေကို စမ်းသပ်ကြည့်ကြတယ်။ ဒီအမြင်က ဖက်ဒရယ်စနစ်ရဲ့ ဗဟုဝါဒကို အားပေးမြှင့်တင်နိုင်မှု၊ ဆန်းသစ်တီထွင်မှုကို အားပေးတဲ့စွမ်းရည်၊ နဲ့ နိုင်ငံရေးစနစ်ရဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်မှု မြှင့်တင်နိုင်စွမ်းကို ဆန်းစစ်ဖို့ အလေးပေးတယ်။

    အားနည်းတဲ့ ဒါမှမဟုတ် အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ မကြာခဏ အခက်ခဲကြီးကြီးမားမား ကြုံရတတ်တယ်။ ဒါပေမယ့် ဒီအတွက်ကြောင့်လည်း အရေးအကြီးဆုံး အခန်းကဏ္ဍ ဖြစ်လာလေ့ရှိတယ်။ ညှိနှိုင်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ရှုပ်ထွေးနက်နဲတဲ့ ယုံကြည်မှုတွေဟာ ဝေဝါးနေတတ်တယ်။ ပဋိပက္ခကြောင့် အလွန်ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ စံပြဖွဲ့စည်းပုံတွေအကြောင်း  ဆရာကြီးဝါဒဆန်ဆန် ပြောနေတာထက် ကွဲကွာနေတဲ့ အုပ်စုတွေကြား ယုံကြည်မှုတည်ဆောက်ပြီးထိန်းသိမ်းခြင်းရဲ့ စိတ်ရှည်ဖို့လိုတဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ပိုများတယ်။ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီနာရဲ့ စစ်လွန်ကာလရှုပ်ထွေးတဲ့ ဖက်ဒရယ်စနစ်ဟာ ထင်ရှားတဲ့ဥပမာတခု ဖြစ်ပြီး သူ့ရဲ့ လူမျိုးရေးအုပ်စုတွေကြား ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ အတိအလင်း ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်။ အီရတ်မှာလည်း၊ ကာ့ဒ်ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ နှစ်ပေါင်းများစွာ ဗဟိုကြီးစိုးမှုနဲ့ ပဋိပက္ခတွေနောက်ပိုင်း ဖန်တီးထားတဲ့ အာဏာခွဲဝေရေး သဘောတူညီချက်ရဲ့ အဓိကအစိတ်အပိုင်းတခု ဖြစ်တယ်။ ဒီအခြေအနေတွေမှာ၊ ဖက်ဒရယ်စနစ်ဟာ အခြေခံအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ကိရိယာတခု ဖြစ်တယ်။ ကွဲအက်နေတဲ့ လူ့အဖွဲ့အစည်းကို အတူတကွထိန်းထားဖို့ မူဘောင်တခုပေါ့။ ဒါပေမယ့် အလွန်ဆိုးရွားတဲ့အခြေအနေ ထိန်းမနိုင်သိမ်းမရဖြစ်လာမှ အမျိုးသားနိုင်ငံအိပ်မက်ကနေ ဖက်ဒရယ်လမ်းပေါ်ပြောင်းလာတဲ့ အစိုးရနဲ့ နိုင်ငံတွေဟာ အလုပ်မဖြစ်တာလည်း များတတ်တယ်။ ဘာလို့လည်းဆို ဆေးကုဖို့အချိန်လွန်မှ ဆေးရုံရောက်သလိုပါပဲ။

    နောက်ဆုံးအနေနဲ့၊ ဖက်ဒရယ်စနစ်ကို သဘောတူညီမှုတခု ဒါမှမဟုတ် အလုပ်ခွဲဝေမှုတခုအဖြစ် ရိုးရိုးမြင်တာထက် ကွဲပြားခြားနားမှုတွေကြားကနေ စည်းလုံးညီညွတ်မှုကို ပဓာနထားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ မျှော်မှန်းချက်တခုအဖြစ်ရှုမြင်တဲ့ ရည်မှန်းချက်ဝါဒီရှုထောင့်လည်း ရှိပါတယ်။ ဒီရှုထောင့်အရ ဖက်ဒရယ်စနစ်ဟာ အတင်းအကျပ်ညီညွတ်စေတာမဟုတ်ဘဲ အပြန်အလှန်မှီခိုနေရတာကို အသိအမှတ်ပြုတာအားဖြင့် စည်းလုံးညီညွတ်မှု ဖန်တီးတဲ့နည်းလမ်းတခုဖြစ်ပြီး၊ ဒေသန္တရသရုပ်သဏ္ဌာန်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို နက်နက်ရှိုင်းရှိုင်း လေးစားတာ ဖြစ်တယ်။ ဥရောပသမဂ္ဂဟာ ဖယ်ဒရေးရှင်းအပြည့်မဟုတ်သော်လည်း၊ ဒီစံနမူနာရဲ့ အစိတ်အပိုင်းတွေကို သရုပ်ဖော်ထားပြီး၊ ကွဲပြားတဲ့ နိုင်ငံတွေကြားမှာ အချုပ်အခြာအာဏာ ပေါင်းစုခြင်းနဲ့ စုပေါင်းငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးဆိုင်ရာ ကတိကဝတ်ကို ကိုယ်စားပြုတယ်။ ဒါဟာ ဖက်ဒရယ်စနစ်ကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းတခုအဖြစ် ဆွေးနွေးချက်တွေ ရှိနေတယ်။ အချင်းချင်း အပြန်အလှန်ဆက်စပ်နေတဲ့ ကမ္ဘာမှာ မတူညီတဲ့ ဘဝနေထိုင်မှုပုံစံတွေကို လေးစားရင်း အတူတကွ အလုပ်လုပ်ဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုတာလည်းဖြစ်တယ်။

    ကြည့်ပါ။ အစိုးရအဆင့်ဆင့်ရှိတဲ့ စနစ်တခုဆိုတဲ့ သာမညနားလည်မှုထက်ကျော်လွန်ပြီး၊ ဘာကြောင့် ဖက်ဒရယ်စနစ်ဟာ လူအမျိုးမျိုးအတွက် အဓိပ္ပာယ်အမျိုးမျိုးရှိနေရတာလဲ၊ ဘာကြောင့်လဲဆိုတော့ သူဟာ တခုတည်းသော၊ သတ်မှတ်ထားတဲ့ သဘောတရားမဟုတ်ဘဲ မတူညီတဲ့ ရည်မှန်းချက်တွေကို သရုပ်ဖော်နိုင်တဲ့ နိုင်ငံရေးပုံစံတခု ဖြစ်လို့ပါ။ အချို့အတွက်၊ သူဟာ ဖြန့်ကြက်ထားတဲ့ အာဏာအားဖြင့် လွှမ်းမိုးမှုမှ လွတ်လပ်ခွင့်အကြောင်း ဖြစ်တယ်။ တခြားသူတွေအတွက်၊ သူဟာ တန်ဖိုးထားတဲ့ သရုပ်သဏ္ဌာန်တွေနဲ့ ဘဝနေထိုင်မှုပုံစံတွေကို ကာကွယ်ခြင်းအကြောင်း ဖြစ်တယ်။ အချို့အတွက်တော့၊ သူဟာ ရှုပ်ထွေးတဲ့၊ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကို အုပ်ချုပ်ဖို့ လက်တွေ့ကျတဲ့နည်းလမ်း ဖြစ်ပါတယ်။ တခြားသူတွေအတွက်၊ အဲဒါဟာ ကွဲပြားခြားနားမှုကို အသိအမှတ်ပြုရင်း ဘုံရည်ရွယ်ချက်အတွက် ရုန်းကန်ကြိုးပမ်းတဲ့ အတူတကွ နေထိုင်ဖို့ရာ စံနမူနာတခု ဖြစ်တယ်။ သင့်ရဲ့ ထိုးထွင်းသိမြင်မှုဟာ နက်နက်ရှိုင်းရှိုင်း အမှန်တရားတခုကို ဖော်ပြတယ်။ ဖက်ဒရယ်စနစ်ဆိုတာ တစုံတဦးက သတ်မှတ်ချက်ပေးတဲ့ တစုံတခုမဟုတ်ဘူး။ အဲဒါဟာ ရှုထောင့်စုံချဉ်းကပ်နိုင်တဲ့သဘာဝတွေနဲ့ နိုင်ငံရေးဝေါဟာရ၊ နိုင်ငံရေးဘာသာစကားတခုဖြစ်ပြီး လူ့အဖွဲ့အစည်းတိုင်းမှာ မတူညီတဲ့ပုံစံတွေနဲ့ ပြောဆိုကြတယ်။ သူ့ရဲ့ထူးခြားတဲ့ ကြောက်ရွံ့မှုတွေ၊ သမိုင်းနဲ့ချီတဲ့ အိပ်မက်တွေ၊ နဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းတွေနဲ့ ပုံဖော်ထားတာဖြစ်တယ်။ ဖက်ဒရယ်စနစ်ကို နားလည်ဖို့ဆိုတာ သူ့ရဲ့ အင်စတီကျူးရှင်းဆိုင်ရာ ယန္တရားတွေကို အပေါ်ယံ ဘယ်လိုဖွဲ့စည်းမလဲဆိုတာ သိတာထက်ပိုပါတယ်။ သူဟာ သီးခြားအချိန်နဲ့ နေရာမှာ ဖော်ဆောင်မယ့် တန်ဖိုးတွေနဲ့ ရည်ရွယ်ချက်တွေကို ခွဲခြားသိမြင်ဖို့ လိုအပ်ပါတယ်။
  • Published on

    မြေပုံကပေးတဲ့ တော်လှန်ရေးများ

    ဒီခေတ်ကြီးထဲမှာ မြေပုံတွေဟာ တွေ့ရတာ သိပ်မစိမ်းလှတဲ့အတွက် ဒါတွေက သဘာဝကျပြီး လက်တွေ့အမှန်၊ အမြဲတမ်းရှိခဲ့တာ ဆိုတာမျိုး ထင်မိတတ်ကြတယ်။ ဒါပေမယ့် မြေပုံဆွဲအတတ်ပညာနဲ့ သိပ္ပံဟာ အင်ပါယာတွေရဲ့ စိတ်ကူးတွေ၊ အာဏာသွေးတွေနဲ့ ရှည်လျားစွာ ရောထွေးနေခဲ့ပါတယ်။ မြေပုံဆွဲတာဟာ ပထဝီဆိုင်ရာ တိကျမှုကို ရှာဖွေတဲ့အလုပ်ထက် နယ်မြေတွေကို စနစ်တကျ စီမံချုပ်ကိုင်ဖို့ လုပ်ရပ်တခုဖြစ်ခဲ့တယ်။ ဒီဖြစ်စဉ်မှာ မြေပုံတွေက "နယ်မြေဆိုင်အနှစ်အသားဝါဒ" (အစဉ်အလာနယ်နိမိတ်တွေဟာ လူနဲ့မြေကို အမြဲသတ်မှတ်ပေးတဲ့သစ္စာလို့ ယူဆမှု) ကို မွေးထုတ်ပေးခဲ့တယ်။

    ကိုလိုနီအင်အားကြီးနိုင်ငံတွေဟာ မြေပုံကို ထိန်းချုပ်ရေးကိရိယာအဖြစ် အသုံးချခဲ့ကြတယ်။ ဥရောပသားတွေ မရင်းနှီးတဲ့နေရာတွေကို ရောက်တိုင်း သူတို့ရဲ့အတွေးစနစ်ကို ဒေသခံတွေရဲ့ မြေမြင်သဘောထားအပေါ် အတင်းစွပ်ချလိုက်တယ်။ တချို့ဒေသ ဌာနေတိုင်းရင်းသား အများအပြားဟာ မြေမျက်နှာပြင်ကို မှတ်သားကြပေမယ့် နယ်မြေကို အခြေခံပြီး မြေပုံဆွဲတာ ရှိမနေခဲ့ဘူး။ ကိုလိုနီသမားတို့ဆွဲခဲ့တဲ့ နယ်နိမိတ်တွေဟာ ဒေသခံတွေရဲ့ မျိုးနွယ်၊ ဂေဟစနစ်၊ သမိုင်းဆက်တာတွေကို စဉ်းစားတာထက် စီမံခန့်ခွဲမှုလွယ်အောင်၊ သယံဇာတတွေ ထုတ်ယူဖို့အတွက် ရေးဆွဲထားတဲ့ အနုညာတမျဉ်းတွေပါပဲ။ ဒီမြေပုံတွေက နယ်နိမိတ်သတ်မှတ်တာထက် ပိုပါတယ်။ လူမှုရေး၊ ယဉ်ကျေးမှုအစစ်အမှန်တွေနဲ့ လူ့သမိုင်း အမွေအနှစ်တွေကို ကိုလိုနီစနစ်အတွက် အဆင်ပြေမယ့် ရိုးရှင်းတဲ့ "နယ်မြေအညွှန်း" တွေအဖြစ် ချုံ့ပစ်လိုက်တယ်။
    အချိန်တွေကြာလာတာနဲ့အမျှ ဒီမြေပုံတွေဟာ လူတွေရဲ့စိတ်ထဲမှာ သဘာဝအရာတခုလို အမြစ်တွယ်သွားတယ်။ နယ်နိမိတ်တွေနဲ့ စဉ်းစားတာဟာ အနှစ်သာရကျတယ်ဆိုတဲ့ ယုံကြည်မှုက ပြဿနာသစ်တွေကို မွေးလာတယ်။ မြေပုံဟာ ကမ္ဘာဦးတည်းက ပိုင်လာတဲ့ နယ်မြေဆိုတာမျိုး စဉ်းစားလာတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ မြေကြီးတိုင်းဟာ နိုင်ငံတခုမကရဲ့ အခြေစိုက်မှု၊ ကျူးကျော်မှုတွေ ခံခဲ့ရတဲ့ နေရာချည်းပါ။ နောင်မှပေါ်လာတဲ့ မြေတိုင်းနည်းပညာ၊ မြေပုံနည်းပညာတွေဟာ အတိတ်နိုင်ငံတွေကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒီနိုင်ငံတွေမှာ ဆက်သွယ်ရေး လမ်းပန်းမကောင်းသလို၊ ဆိုရှယ်မီဒီယာမပြောနဲ့ စာအုပ်စာရွက်တွေတောင် သေချာ မရှိခဲ့တာ အများကြီးပါ။ ဒီခေတ်နိုင်ငံတော်ဆိုတာ ဟိုခေတ်တည်းက ရှိခဲ့တဲ့ ဒီမျဉ်းတွေနဲ့သာ သတ်မှတ်တယ်လို့ ထင်လာတဲ့အခါ လက်နက်နိုင်ငံတော်ဝါဒ၊ အီလစ်အထက်တန်းစားဝါဒတွေ ပေါက်ဖွားလာတယ်။ ကိုလိုနီမြေပုံတွေရဲ့အမွေ (လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေကို လျစ်လျူရှုပြီးဆွဲထားတဲ့နယ်နိမိတ်တွေ) ဟာ ယနေ့ကမ္ဘာမှာ မြေပုံပေါ်ကမျဉ်းတွေကို အစစ်အမှန်ထက် ပိုအရေးကြီးနေရာတွေမှာ ပဋိပက္ခတွေကို မီးမွှေးခဲ့တယ်။ ကိုယ့်နဲ့တူတူရှိတဲ့ ဆွေမျိုးသားချင်းတွေကိုတောင်မှ နယ်နိမိတ်မြေပုံတွေနဲ့ ခွဲခြားဆက်ဆံပစ်လိုက်တယ်။ လူကို လူလိုမြင်ဖို့ လိုပါတယ်။ လူကို မြေပုံလှောင်ချိုင့်အတွင်းက သတ္တဝါလေးတွေလို မြင်လို့ မသင့်ပါဘူး။ တကယ့်အမျိုးသားရေးဟာ "လူထုများ - Peoples" ကို ဆိုလိုခဲ့ပါတယ်။ မြေပုံနဲ့ရှိတဲ့ လက်နက်နိုင်ငံ "Statism" မဟုတ်ပါဘူး။ ဟိုခေတ်က ဘုရင်တွေဟာ လူမျိုးအခြေပြုနိုင်ငံတွေကို တည်ထောင်ခဲ့တာမဟုတ်ပါဘူး၊ ဘာသာစကားတခု ယဉ်ကျေးမှုတခုကို သုံးကြ စပွန်ဆာပေးကြပေမယ့် ပဒေသရာဇ် သက်ဦးဆံပိုင်သဘောအတိုင်း မြေကြီးကို သူတို့ရဲ့ ကိုယ်ပိုင်လုပ်ခဲ့တာပါ။ ဒီနေ့ခေတ် နိုင်ငံတွေ မဟုတ်ဘူး။ သူတို့ချင်းတိုက်တဲ့စစ်ပွဲဟာ လူမျိုးရေးပဋိပက္ခဟုတ်လေ့မရှိပဲ မိသားစုအားပြိုင်တာတွေ ဖြစ်လေ့ရှိပါတယ်။
    မြေပုံတွေဟာ ကမ္ဘာကိုဖော်ပြရင်း အရှင်းလွန်အောင် လုပ်သလိုဖြစ်ပြီး ရှုပ်ထွေးမှုကို ဖုံးကွယ်လိုက်ပါတယ်။ သူတို့ရဲ့အငြိမ်ပုံကွက်က သမိုင်းကြောင်း၊ လူမှုရေး၊ ယဉ်ကျေးမှုတွေရဲ့အပြန်အလှန်သက်ရောက်မှုတွေကို ဝှက်ထားလိုက်တယ်။ "နယ်မြေဆိုတာ ဒီအတိုင်းပဲ" ဆိုတဲ့အမြင်က လူကိုလှည့်စားတယ်။ ဒီလှည့်စားမှုက ကမ္ဘာကြီးဟာ သပ်သပ်ရပ်ရပ်အပိုင်းခြားထားပြီးသားလို့ ယုံကြည်စေတယ်။ ဒီယုံကြည်မှုကပဲ ခွဲခြားတဲ့ ပဋိပက္ခဇာတ်လမ်းတွေကို အားပေးပြန်တယ်။
    နောက်ထပ်ပြဿနာက မြေပုံတွေကို မပြောင်းလဲနိုင်တဲ့အရာအဖြစ် မြင်တဲ့အတွေးပါ။ အာဖရိကက ကိုလိုနီအမွေတွေကနေ အရှေ့အလယ်ပိုင်းပဋိပက္ခတွေအထိ၊ အတိတ်က နယ်နိမိတ်တွေဟာ ဘဝတွေကိုပုံသွင်းပြီး အငြင်းပွားမှုတွေကို မီးထိုးပေးနေဆဲပါ။ တရုတ်တွေရဲ့ လိုင်း ၉ ခုလည်း တောင်တရုတ်ပင်လယ်မှာ ပြဿနာဖြစ်နေတာက ဒီနေ့ခေတ်ထိလိုက်နေတဲ့ အရိပ်တွေကို တွေ့နိုင်တယ်။ ခေါင်းဆောင်တွေက ဒီကြိုးတွေကို သမိုင်းကြောင်းအရ တရားဝင်မှု၊ နယ်မြေတောင်းဆိုမှု၊ နိုင်ငံရေးစည်းရုံးမှုတွေအတွက် အသုံးချတယ်။
    ဒီတော့ အရေးကြီးတာက အမွေဆက်ခံထားတဲ့မြေပုံတွေဟာ တခုတည်းသောအဖြေမဟုတ်ဘူးဆိုတာ ပြန်လည်သင်ယူဖို့ပါ။ လူတွေဟာ အရေးကြီးပါတယ်။ မြေပုံဆိုတာ ကတိတွေကို တာဝန်ခံဖို့ မဟာဗျူဟာကျကျ ရွေးချယ်လိုက်တဲ့ တန်ဆာပလာဖြစ်တယ်လို့ နားလည်ဖို့ လိုပါတယ်။ မြေပုံတွေဟာ လူတွေရဲ့ ရည်ရွယ်ချက်နဲ့ဆွဲထားတာဆိုတာ သိမြင်လိုက်တာနဲ့ ဒီကန့်သတ်မှုတွေကို မေးခွန်းထုတ်လာနိုင်မယ်။ နယ်မြေဆိုင်ရာ အနှစ်သာရဝါဒကို ကျော်လွန်တဲ့ လူ့အဖွဲ့အစည်းပုံစံတွေ (ဥပမာ ထပ်နေတဲ့အသိုင်းအဝိုင်းတွေ) အတွက်ကို စဉ်းစားဖို့ အခွင့်အရေးရှိလာမယ်။
    မြန်မာနိုင်ငံကို ကြည့်လိုက်ရင် အမျိုးသားနိုင်ငံအယူအဆ ပေါ်လာတဲ့ တို့ဗမာအစည်းအရုံးက မြန်မာနိုင်ငံမြောက်က တောင်ထိ နေသူအကုန် ဗမာဖြစ်ဖို့လိုတယ်လို့ စဉ်းစားတာကို မကျေနပ်တာကနေ ဒီနေ့ထိ ပြဿနာတွေ တက်နေဆဲပါ။ နယ်မြေတွေကို ဗဟိုပြုပြီး စဉ်းစားကြရင်း ပြဿနာတက်ကြပါတယ်။ ဗမာတွေကလည်း ပဏ္ဏာဆက်ဒေသတွေကအစ ငါပိုင်တာ၊ ဌာနေလူမျိုးတွေကလည်း ငါပိုင်တာ ဖြစ်ကုန်ပါတယ်။ ဒါတောင် တရုတ်က ငါတို့ကို ပဏ္ဏာဆက်ဖူးလို့ ငါတို့ပိုင်တယ်ဆိုပြီး၊ အိန္ဒိယကလည်း နဂိုက ဗြိတိသျှဝင်ချိန်က ငါတို့နဲ့ တနိုင်ငံတည်းပဲဆိုပြီး မလုပ်တာ၊ ကမ္ဘောဒီးယားတို့ ထိုင်းတို့ကပါ အမွေလာမခွဲတာ တော်ပါသေးတယ်။ တကယ်နေတဲ့ ဌာနေလူမျိုးတွေကတော့ မြေပုံတွေကနေပေးတဲ့ တော်လှန်ရေးတွေ ဖြစ်ကုန်ကြပါတယ်။
    တကယ်က မြေပုံတွေနဲ့နယ်နိမိတ်တွေဟာ ပိုင်ဆိုင်မှု သင်္ကေတထက် ပိုပါတယ်။ မြေပုံတွေဟာ "စနစ်ကျမှု၊ ပိုင်ဆိုင်မှု၊ အဓိပ္ပာယ်ရှိမှု" ဆိုတဲ့ လိုအင်တွေကို ရောင်ပြန်ဟပ်နေတဲ့ မှန်တွေပါပဲ။ ဒါပေမယ့် ဒီမျဉ်းတွေဟာ အစဉ်အမြဲနိစ္စထာဝရ ရှေးကတည်းကရှိပြီး နောင်လည်းရှိမယ်ဆိုတဲ့အမြင်ကို စွဲကိုင်ထားသရွေ့ သူတို့ချုပ်နှောင်ထားတဲ့ ချိန်းကြိုးကို ကျော်နိုင်မှာ မဟုတ်ဘူး။ ချည်နှောင်ခံရမယ်။ သူတို့ကို ကျော်လွန်နိုင်စွမ်းကို မြင်လို့မရဘူး။ မြေပုံတွေရဲ့ "အစဉ်အလာဖြစ်တည်" ကို မေးခွန်းထုတ်တဲ့အခါမှသာ ပိုပြီးလှုပ်ရှား၊ စာနာ၊ လူသားဆန်တဲ့ ကမ္ဘာ့အမြင်ကို ရှာတွေ့နိုင်မှာပါ။

  • Published on

    ဝန်ထမ်းဦးဆောင်မှုဖြင့်လည်ပတ်သည့် (Workers Self-directed Non-profit) စနစ်

    ဝန်ထမ်းအားလုံးက အလုပ်တွေကို ဘယ်လို လုပ်ဆောင်မလဲဆိုတာ တကယ်လက်တွေ့ကို ပါဝင် ဆုံးဖြတ်နိုင်တဲ့ လုပ်ငန်းခွင်တခုကို တွေးကြည့်ပါ။ အကြီးအကဲ ဒါမှမဟုတ် ထိပ်ဆုံးက အဖွဲ့ငယ်လေး တခုတည်း မဟုတ်ဘဲ နေ့စဉ် တကယ် အလုပ်လုပ်တဲ့သူတွေ အားလုံးပေါ့။ ဒါဟာ လုပ်သားဝန်ထမ်းများကိုယ်တိုင် ဦးဆောင်တဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်း ((Workers Self-directed Non-profits - WSDNP) ရဲ့ အခြေခံ စိတ်ကူး ဖြစ်တယ်။ ဒီလို အဖွဲ့အစည်းမျိုးမှာ လုပ်သားတွေဟာ ဝန်ထမ်းတွေတင် မဟုတ်ဘူး၊ သူတို့ဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်၊ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ဘယ်လို လည်ပတ်လဲဆိုတာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့သူတွေလည်း ဖြစ်တယ်။ ရိုးရာပုံမှန် တွေ့နေကျအတိုင်း အကြီးအကဲ ဒါမှမဟုတ် ဘုတ်အဖွဲ့က အာဏာ အားလုံးကို ကိုင်ထားတာအစား အာဏာကို ဝန်ထမ်းလုပ်သားတွေ ကိုယ်တိုင် မျှဝေထားတယ်။ သူတို့ဟာ ရပ်ရွာလူထု ဒါမှမဟုတ် ရည်ရွယ်ချက် တခုခုကို အကျိုးပြုဖို့အတွက် အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ လမ်းညွှန်ခံပြီး အဖွဲ့အစည်းကို စုပေါင်း စီမံခန့်ခွဲတယ်။

    ဒီပုံစံဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေအတွက် ဘာလို့ ထိရောက်နိုင်သလဲ ဆိုတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိတယ်။ ဝန်ထမ်းတွေဟာ တိုက်ရိုက် အသံနဲ့ တိုက်ရိုက်သက်ရောက်မှု ရှိတဲ့အခါ သူတို့ဟာ အဖွဲ့အစည်းဟာ မိမိရဲ့ရည်မှန်းချက်နဲ့ ပိုပြီး ဆက်စပ်နေတယ်လို့ ခံစားရတာ များလာတယ်။ ဒါက ပိုပြီး မြင့်မားတဲ့ စေ့ဆော်မှုနဲ့ အလုပ်အပေါ် ပိုပြီး ခိုင်မာတဲ့ ကတိကဝတ်ထားရှိခြင်းဆီ ဦးတည်စေတယ်။ ယုံကြည်ခံရတယ်၊ တန်ဖိုးထားခံရတယ် ပြီးတော့ သူတို့ရဲ့ ပါဝင် ပံ့ပိုးမှုတွေက အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းရဲ့ လမ်းကြောင်းကို တိုက်ရိုက် ဘယ်လို ပုံဖော်တယ်ဆိုတာ နားလည်တဲ့အခါ လူတွေဟာ ပိုပြီး ကြိုးစား လုပ်ဆောင်ဖို့ ဖြစ်နိုင်ချေ ပိုများတယ်။ ဒါ့အပြင် အလုပ်ကို တကယ် လုပ်နေတဲ့သူတွေဟာ ဘာလိုအပ်တယ်၊ ဘာက အလုပ်ဖြစ်တယ်ဆိုတာကို အကောင်းဆုံး နားလည်တာ များတယ်။ သူတို့ကို ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာ ပေးခြင်းအားဖြင့် လုပ်သားဝန်ထမ်းတွေကိုယ်တိုင် ဦးဆောင်တဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းဟာ ပိုပြီး အချက်အလက် ပြည့်စုံတဲ့နဲ့ လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေ လုပ်နိုင်တယ်။ ဒါဟာ သူ အကျိုးပြုတဲ့ လူတွေ ဒါမှမဟုတ် ရည်ရွယ်ချက်တွေအတွက် ပိုကောင်းတဲ့ ရလဒ်တွေဆီ ဦးတည်စေတယ်။ ခေါင်းဆောင်မှုကို မျှဝေရယူထားတာဟာ ပိုပြီး ကောင်းမွန်သလို ပူးပေါင်း လုပ်ဆောင်တဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်ကိုလည်း ဖန်တီးနိုင်တယ်၊ ပဋိပက္ခတွေကို လျှော့ချနိုင်တယ် ပြီးတော့ ဝန်ထမ်းတွေကြားမှာ ခိုင်မာတဲ့ အသိုက်အမြုံစိတ်ဓာတ်ကို တည်ဆောက်နိုင်တယ်။

    လုပ်သားဝန်ထမ်းကိုယ်တိုင် ဦးဆောင်တဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းကို အကောင်အထည်ဖော်တာဟာ ဂရုတစိုက်စီစဉ်မှုရှိတာနဲ့ ရိုးရာ အလုပ်လုပ်တဲ့ နည်းလမ်းတွေကို ပြောင်းလဲဖို့ ဆန္ဒရှိတတွေ လိုပါတယ်။ ပထမ အဆင့်ကတော့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်နဲ့ တန်ဖိုးတွေကို လုပ်သား အားလုံးကြားမှာ ရှင်းရှင်းလင်းလင်းနဲ့ မျှဝေထားတဲ့ နားလည်မှုတခုကို တည်ဆောက်ဖို့ပဲ။ ဒီ ဘုံရည်ရွယ်ချက်ဟာ ဆုံးဖြတ်ချက် အားလုံးအတွက် လမ်းညွှန်ချက်အဖြစ် အလုပ်လုပ်လိမ့်မယ်။ နောက်တဆင့်အနေနဲ့ အဖွဲ့အစည်းဟာ ဆုံးဖြတ်ချက်တွေကို စုပေါင်း ဘယ်လို ချမလဲဆိုတာ ရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေ ဖန်တီးဖို့ လိုအပ်တယ်။ ဒါဟာ လူတိုင်း ပြောဆိုခွင့် ရတဲ့ ပုံမှန် အစည်းအဝေးတွေ ပါဝင်နိုင်တယ်။ ပါဝင်သူ အကုန်လုံးသဘောတူညီမှု ရရှိဖို့ နည်းလမ်းတွေ သုံးတာ ဒါမှမဟုတ် မတူညီတဲ့ အလုပ်တွေအတွက် နေရာတွေကို လှည့်ပြီး လုပ်တာမျိုးတွေ ပါဝင်နိုင်တယ်။ အချက်အလက်တွေကို ဘယ်လို ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်း မျှဝေမလဲဆိုတာ သတ်မှတ်ဖို့ အရေးကြီးတယ်။ ဒါမှ လူတိုင်း အသိပေးခံရဖို့ပေါ့။ လုပ်သားတွေကြား ယုံကြည်မှုကို တည်ဆောက်တာလည်း အဓိကကျတယ်။ ဒီယုံကြည်မှုဟာ ပွင့်လင်းတဲ့ ဆက်သွယ်ရေးနဲ့ တယောက်နဲ့တယောက် အမြင်တွေကို နားထောင်ဖို့ ကတိကဝတ်ကနေ ဖြစ်ပေါ်တယ်။ ဆက်သွယ်ရေး၊ ပဋိပက္ခ ဖြေရှင်းတာနဲ့ အုပ်စု ဆုံးဖြတ်ချက်ချတာလို နယ်ပယ်တွေမှာ လေ့ကျင့်မှုတွေဟာ အရမ်း အထောက်အကူ ဖြစ်နိုင်တယ်။ နောက်ဆုံးအနေနဲ့ ကိုယ်ပိုင် ဦးဆောင်တဲ့ ပုံစံဆီ ကူးပြောင်းတာဟာ တဖြည်းဖြည်းအစီအစဉ် ဖြစ်သင့်တယ်၊ လူတိုင်း လိုက်လျောညီထွေ ဖြစ်ပြီး အတူတူ အလုပ်လုပ်တဲ့ နည်းလမ်းအသစ်တွေကို သင်ယူနိုင်ဖို့ပေါ့။ ဒါဟာ စဉ်ဆက်မပြတ်သင်ယူမှုနဲ့ လိုက်လျောညီထွေ ပြုပြင်မှု လုပ်ငန်းစဉ် ဖြစ်တယ်။ လုပ်သားတိုင်း စွမ်းအားမြှင့်တင်ခြင်းခံရတယ် - ပြီးတော့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း အောင်မြင်မှုအတွက် တာဝန်ရှိတယ်လို့ ခံစားရတဲ့ ယဉ်ကျေးမှုတခုကို တည်ဆောက်ရတာ ဖြစ်တယ်။

    ဒါပေမယ့် ပြဿနာတွေလည်း ရှိနိုင်တာကို ငြင်းလိုတော့ မရဘူး။ ဝန်ထမ်းတွေ ကိုယ်တိုင် ဦးဆောင်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းစနစ်မှာ အောက်ပါ စိန်ခေါ်မှုတွေနဲ့ ဝေဖန်မှုတွေ ရှိနိုင်ပါတယ်။
    • ဆုံးဖြတ်ချက်ချတာ နှေးကွေးခြင်း - လူအများစု ပူးပေါင်းပါဝင်တဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ဟာ အပေါ်ကနေ အမိန့်ပေးတဲ့ စနစ်တွေထက် ပိုနှေးတာ ဒါမှမဟုတ် ပိုရှုပ်ထွေးတာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဖွဲ့ကြီးလာရင် ဒါမှမဟုတ် ရှုပ်ထွေးတဲ့ ကိစ္စတွေမှာ ဒီလို ဖြစ်တတ်ပါတယ်။ 
    • ပဋိပက္ခ ဖြစ်နိုင်ချေ - စုပေါင်း ဆုံးဖြတ်ချက်ချရာမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိလာနိုင်ပါတယ်။ ခိုင်မာတဲ့ လုပ်ငန်းစဉ်တွေနဲ့ အဖွဲ့အစည်း ယဉ်ကျေးမှု မရှိရင် ပဋိပက္ခတွေဟာ အကျိုးမဖြစ်ထွန်းတာ ဒါမှမဟုတ် အဖွဲ့ထဲမှာ ကွဲပြားမှုတွေ ဖြစ်စေတာမျိုး ဖြစ်နိုင်တယ်။ 
    • ကျွမ်းကျင်မှု ကွာဟချက်တွေ - ဝန်ထမ်းတွေဟာ အစပိုင်းမှာ မဟာဗျူဟာရေးဆွဲတာ၊ ငွေကြေး စီမံခန့်ခွဲတာ၊ ဥပဒေနဲ့ ကိုက်ညီအောင် လုပ်ဆောင်တာ ဒါမှမဟုတ် ရန်ပုံငွေ ရှာဖွေတာလို အတွေ့အကြုံတွေ မရှိသေးတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒါတွေအတွက် လေ့ကျင့်မှုတွေ လိုအပ်ပါတယ်။ 
    • ရန်ပုံငွေ ရဖို့ အခက်အခဲ - အစဉ်အလာ ရန်ပုံငွေ ပေးတဲ့သူတွေ ဒါမှမဟုတ် အလှူရှင်တချို့ဟာ ရိုးရာ ဘုတ်အဖွဲ့ ဒါမှမဟုတ် အဆင့်ဆင့်ခေါင်းဆောင်မှုစနစ် မရှိတဲ့ အဖွဲ့အစည်းတွေကို ရန်ပုံငွေ ထောက်ပံ့ဖို့ တွန့်ဆုတ်တာ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒါကို အန္တရာယ်ရှိတယ် ဒါမှမဟုတ် ပုံမှန် မဟုတ်ဘူးလို့ မြင်နိုင်လို့ပဲ။
    • "ဝန်ထမ်းတွေ" ဆိုတာကို ဘယ်သူ ဖြစ်တယ်ဆိုတာ သတ်မှတ်တာ - ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာ ဘယ်သူ့ကို ပေးမလဲဆိုတာ သတ်မှတ်တဲ့နေရာမှာ ရှုပ်ထွေးနိုင်တယ်။ (ဥပမာ - အချိန်ပြည့် ဝန်ထမ်းပဲလား၊ အချိန်ပိုင်းပါ ပါမလား၊ ရေရှည် စေတနာ့ဝန်ထမ်းတွေပါလား၊ စာချုပ်နဲ့ လုပ်ကိုင်သူတွေပါလား)။
    • ပါဝင်မှုအဟုန်ကို ထိန်းသိမ်းတာ - ဝန်ထမ်း အားလုံးဟာ အဆင့်မြင့် အုပ်ချုပ်ရေး ဆုံးဖြတ်ချက်တွေမှာ ပါဝင်ချင်မှ ပါဝင်မှာ ဖြစ်တယ်။ ဒါ့အပြင် အချိန်ကြာလာတာနဲ့အမျှ အမြဲတမ်း မြင့်မားတဲ့ ပါဝင်မှုကို ထိန်းသိမ်းဖို့ ခက်ခဲနိုင်တယ်။
    • ခေါင်းဆောင်မှု အရည်အချင်း မြှင့်တင်တာ - ဝန်ထမ်းတွေကြား ခေါင်းဆောင်မှု အရည်အချင်းတွေ မြှင့်တင်တာနဲ့ ထိရောက်တဲ့ လုပ်ငန်းစဉ် လွယ်ကူချောမွေ့စေတဲ့နဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ အခန်းကဏ္ဍတွေ သေချာအောင် လုပ်ဆောင်တာ စိန်ခေါ်မှု ဖြစ်နိုင်တယ်။
    • ပြင်ပမှာ ကိုယ်စားပြုတာ - အဖွဲ့အစည်းကို ပြင်ပမှာ (ဥပမာ - ရန်ပုံငွေ ပေးတဲ့သူတွေ၊ မိတ်ဖက်တွေ၊ လူသိရှင်ကြား) ကိုယ်စားပြုတာဟာ အမှုဆောင် ဒါရိုက်တာ ဒါမှမဟုတ် CEO တဦးတည်း ရှိတာထက် ပိုပြီးရှုပ်ထွေးတာ ဖြစ်နိုင်တယ်။
    • ထိရောက်မှု နဲ့ ဒီမိုကရေစီကြား လဲလှယ်မှု - ဝေဖန်သူတွေက ဒီစနစ်ဟာ ဒီမိုကရေစီ ဖြစ်ပေမဲ့ သီးခြား အခြေအနေတွေမှာ အဆင့်အလွှာစနစ်တွေထက် ထိရောက်မှု နည်းတာ ဒါမှမဟုတ် တက်ကြွသွက်လက်မှု နည်းတာ ဖြစ်နိုင်တယ်လို့ ငြင်းခုံနိုင်တယ်။ စိတ်ကူးယဉ်ဆန်တယ်လို့ပြောသူတွေလည်း ရှိတယ်။ အရင်းရှင်ဈေးကွက်ပုံပေါက်လာတဲ့ Non-profits အခင်းအကျင်းမှာ ဒါအလုပ်ဖြစ်တာ အဆင်မပြေ ဖြစ်နိုင်တယ်။

    ချုပ်လိုက်ရင် လုပ်သားဝန်ထမ်းများကိုယ်တိုင် ဦးဆောင်တဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းစနစ်ဆိုတာ အလုပ်လုပ်တဲ့သူတွေက အဲဒီ အလုပ်ကို ဘယ်လို လုပ်မလဲ ပြီးတော့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကို ဘယ်လို အကောင်အထည်ဖော်လုပ်ဆောင်မလဲဆိုတာ တာဝန်ယူတဲ့ အဖွဲ့အစည်းတခုပဲ။ ဒီပုံစံဟာ လုပ်သားဝန်ထမ်တွေ ပိုပြီး ပူးပေါင်း ပါဝင်တာ၊ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ချတာနဲ့ ရည်မှန်းချက်အပေါ် ပိုပြီး အာရုံစိုက်တာဆီ ဦးတည်လာနိုင်တယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ အဖွဲ့ တခုလုံးရဲ့ ဉာဏ်၊ ဗဟုသုတနဲ့ ကတိကဝတ်တွေကို အသုံးချလို့ပေါ့။ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် စဉ်းစားဆင်ခြင်တဲ့ ချဉ်းကပ်မှု လိုအပ်တယ်။ ရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေ တည်ဆောက်တာနဲ့ ယုံကြည်မှုနဲ့ တာဝန်ယူမှုကို မြှင့်တင်တာဟာ ပိုပြီး တက်ကြွပြီး ထိရောက်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတခုအတွက် လမ်းဖွင့်ပေးဖို့ ကူညီနိုင်ပါလိမ်မယ်။
  • Published on

    အခန်းကဏ္ဍများဖြင့် တာဝန်ယူကာအုပ်ချုပ်ခြင်း (Holacracy)

    Holacracy ဟာ အဖွဲ့အစည်း တခုကို လုပ်ငန်းလုပ်ဆောင်ဖို့ လုံးဝ ကွဲပြားတဲ့ နည်းလမ်းတခုကို ပေးတယ်။ လူတွေရဲ့ အခိုင်အမာသုံးတဲ့ အလွှာခွဲစနစ်အစား Holacracy ပုံစံမှာ အာဏာနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းအားကို အဖွဲ့အစည်း တခုလုံးမှာ ဖြန့်ဝေထားတယ်၊ ပုံသေ အလုပ် ရာထူးတွေနဲ့ ဌာနတွေထက် လှုပ်ရှားနေတဲ့ အခန်းကဏ္ဍတွေနဲ့ "အဝန်းအဝိုင်းတွေ" အပေါ် အခြေခံပြီးတော့ လုပ်တယ်။ ဒါဟာ ပိုပြီး တက်ကြွသွက်လက်တဲ့၊ လိုက်လျောညီထွေရှိတဲ့နဲ့ ရည်ရွယ်ချက်ရှိတဲ့ စနစ်တခု ဖြစ်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်၊ လူ နည်းနည်းလေးကပဲ ထိန်းချုပ်မှုအားလုံးကို ကိုင်ထားတဲ့ စိတ်ကူးကနေ အလုပ်တကယ် ဖြစ်တဲ့နေရာကိုပေးတဲ့ ဘောင်တခုဆီ ရွေ့လျားတာ ဖြစ်တယ်။

    Holacracy ရဲ့ အဓိက စိတ်ကူးတွေထဲက တခုက အလုပ်ကို သီးခြား အခန်းကဏ္ဍတွေပေါ် အခြေခံပြီး စနစ်တကျ လုပ်တာပဲ၊ အခန်းကဏ္ဍတိုင်းမှာ ရှင်းလင်းတဲ့ ရည်ရွယ်ချက်၊ သတ်မှတ်ထားတဲ့ တာဝန်တွေနဲ့ အာဏာ နယ်ပယ်တွေ ရှိတယ်။ လူတွေမှာ တင်းကျပ်တဲ့ အလုပ်ဖော်ပြချက်တွေ မရှိဘူး၊ အဲဒီအစား သူတို့ဟာ မတူညီတဲ့ အဝန်းအဝိုင်းတွေမှာ အခန်းကဏ္ဍ အများကြီးကို ကိုင်ဆောင်နိုင်တယ်။ အဝန်းအဝိုင်းတွေဟာ သီးခြား လုပ်ငန်းဆောင်တာ ဒါမှမဟုတ် ပရောဂျက်တခုကို အာရုံစိုက်ထားတဲ့ ကိုယ်တိုင်စီမံခန့်ခွဲတဲ့ အဖွဲ့တွေလို ဖြစ်တယ်။ ဒီ အဝန်းအဝိုင်းတွေဟာ အလွှာလိုက် ရှိနေပြီး ပိုကြီးတဲ့ အဖွဲ့အစည်း တခုလုံးမှာ တညီတညွတ်တည်း ဖြစ်ဖို့ သူတို့ကြား ချိတ်ဆက်မှုတွေ ရှိတယ်။

    Holacracy ထဲမှာ ဆုံးဖြတ်ချက်ချတာဟာ လုပ်ငန်းဆိုင်ရာ ကိစ္စရပ် အများစုအတွက် အားလုံး သဘောတူညီမှု ဒါမှမဟုတ် မန်နေဂျာရဲ့ ခွင့်ပြုချက်အပေါ် မှီခိုတာ မဟုတ်ဘူး။ အဲဒီအစား ဒါဟာ စနစ်တကျ လုပ်ဆောင်တဲ့ အစည်းအဝေး လုပ်ငန်းစဉ်တွေကို သုံးတယ်။ အလုပ်တွေ ပြီးမြောက်ဖို့အတွက် "နည်းဗျူဟာ အစည်းအဝေး" နဲ့ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံနဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့အတွက် "အုပ်ချုပ်မှု အစည်းအဝေး" ကို အထူးသဖြင့် သုံးတယ်။ ဒီ အစည်းအဝေးတွေမှာ တင်းမာမှုတွေ (ပြဿနာတွေ ဒါမှမဟုတ် အခွင့်အလမ်းတွေ) ကို လျင်မြန် ထိရောက်စွာ လုပ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ရှင်းလင်းတဲ့ စည်းမျဉ်းတွေနဲ့ ပုံစံတွေ ရှိတယ်၊ ဒါက ဆက်တိုက် ပိုကောင်းအောင် လုပ်တာနဲ့ လိုက်လျောညီထွေ ဖြစ်တာကို ခွင့်ပြုတယ်။

    အဖွဲ့အစည်းတွေ Holacracy ကို ဘာလို့ ရွေးချယ် ကျင့်သုံးရသလဲ ဆိုတဲ့ ခိုင်မာတဲ့ အကြောင်းပြချက်တွေ ရှိတယ်။ အဓိက အကျိုးကျေးဇူးတခုက ပိုပြီး တက်ကြွသွက်လက်လာတာနဲ့ ပြောင်းလဲမှုတွေကို လိုက်လျောညီထွေ တုံ့ပြန်နိုင်တာ ဖြစ်တယ်။ ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာကို အလုပ်နဲ့ ပိုနီးစပ်တဲ့ အခန်းကဏ္ဍတွေနဲ့ အဝန်းအဝိုင်းတွေဆီ ဖြန့်ဝေထားတဲ့အတွက် အဖွဲ့တွေဟာ ပြဿနာတွေနဲ့ အခွင့်အလမ်းတွေကို ဖော်ထုတ်ပြီး ရိုးရာမြင်နေကျ အဆင့်ဆင့်အလွှာစနစ်လို ဖွဲ့စည်းပုံမျိုးထက် ပိုပြီး လျင်မြန်စွာ လိုအပ်တဲ့ ချိန်ညှိမှုတွေ လုပ်နိုင်တယ်။ ဒါက အဖွဲ့အစည်းကို ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်တယ်။ Holacracy ဟာ လူပုဂ္ဂိုလ်တွေကို သူတို့ရဲ့ သတ်မှတ်ထားတဲ့ အခန်းကဏ္ဍတွေထဲမှာ ရှင်းလင်းတဲ့ အာဏာ ပေးခြင်းအားဖြင့် သူတို့ကို စွမ်းအားမြှင့်ပေးဖို့လည်း ရည်ရွယ်တယ်။ ဒါက ပိုင်ဆိုင်မှုရှိတယ်၊ ငါပါတယ်ဆိုတဲ့ ခံစားချက်အစပြု လုပ်ဆောင်တာနဲ့ ရည်ရွယ်ချက် ခံစားချက်တွေ ပိုများလာစေနိုင်တယ်။ ဘာလို့လဲဆိုတော့ လူတွေဟာ အမြဲတမ်း ခွင့်ပြုချက် တောင်းခံနေတာထက် သူတို့ နယ်ပယ်ထဲမှာ ဆုံးဖြတ်ချက်တွေ ချဖို့ ယုံကြည်အပ်နှံခံရလို့ပါပဲ။ ရှင်းလင်းတဲ့ အခန်းကဏ္ဍတွေနဲ့ တာဝန်ခံမှုတွေအပေါ် အာရုံစိုက်တာဟာ ဝိုးတဝါးဖြစ်မှုနဲ့ အတွင်းပိုင်းက ပါဝါလွန်ဆွဲတာတွေကိုလည်း လျှော့ချနိုင်တယ်၊ ဒါကလည်း တာဝန်တွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားလို့ပါ။ တင်းမာမှုတွေကို ဖော်ထုတ်ဖို့နဲ့ ဆုံးဖြတ်လုပ်ဆောင်ဖို့ ဘောင်တခု ပေးခြင်းအားဖြင့် Holacracy ဟာ အလုပ်လုပ်နေတဲ့ အဖွဲ့တွေ အတွင်းကနေ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင်လုပ်တာနဲ့ ဆန်းသစ်တီထွင်မှုကို အားပေးတယ်။

    Holacracy ကို အကောင်အထည်ဖော်တာဟာ အဖွဲ့အစည်းဆိုင်ရာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်တယ်၊ ကတိကဝတ်နဲ့ စနစ်တကျ ချဉ်းကပ်မှု လိုအပ်တယ်။ ပထမ အဆင့်မှာ များသောအားဖြင့် ခေါင်းဆောင်ပိုင်းက Holacracy ရဲ့ နိယာမတွေကို နားလည်ပြီး ကျင့်သုံးရေး ကတိကဝတ် ပြုဖို့ပဲ၊ သူတို့ရဲ့ ထောက်ခံမှုဟာ ကူးပြောင်းဖို့အတွက် အရမ်း အရေးကြီးတယ်။ ဒီကနေမှ များသောအားဖြင့် အဖွဲ့အစည်း တခုလုံးမှာ ရှိတဲ့ လူတိုင်းကို Holacracy ရဲ့ အဓိက အယူအဆတွေ၊ စည်းမျဉ်းတွေနဲ့ အစည်းအဝေး လုပ်ဆောင်မှုတွေကို နားလည်ဖို့ လေ့ကျင့်ပေးတာနဲ့ ဆက်လုပ်ရတယ်။ ပြီးတော့ အဖွဲ့အစည်းဟာ သူ့ရဲ့ ကနဦး ဖွဲ့စည်းပုံကို သတ်မှတ်တာ၊ အဓိက လုပ်ငန်းဆောင်တာတွေကို ဖော်ထုတ်တာ ပြီးတော့ ဒါတွေကို အဝန်းအဝိုင်းတွေအဖြစ် စနစ်တကျ တည်ဆောက်တာ၊ အဲဒီ အဝန်းအဝိုင်းတွေထဲမှာ ကနဦး အခန်းကဏ္ဍတွေကို သတ်မှတ်တာ စတင်တယ်။ ပြီးတော့ လူတွေဟာ သူတို့ရဲ့ အရည်အချင်းတွေနဲ့ အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေပေါ် အခြေခံပြီး ဒီအခန်းကဏ္ဍတွေကို "တာဝန်ယူ" ကြတယ်။

    အကောင်အထည်ဖော်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းက Holacracy ရဲ့ သီးခြား အစည်းအဝေး ပုံစံတွေကို ဆက်တိုက် လေ့ကျင့်တာပါပဲ။ လုပ်ငန်းဆိုင်ရာ ညှိနှိုင်းမှုအတွက် နည်းဗျူဟာ အစည်းအဝေးတွေနဲ့ အခန်းကဏ္ဍတွေနဲ့ အဝန်းအဝိုင်း ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ အုပ်ချုပ်မှု အစည်းအဝေးတွေလုပ်ရမယ်။ ဒီ ဆက်တိုက် လေ့ကျင့်မှုဟာ အလုပ်လုပ်တဲ့ နည်းလမ်းအသစ်ကို အုတ်မြစ်ထည့်သွင်းဖို့ အဓိကကျတယ်။ အဖွဲ့အစည်းဟာ Holacracy အောက်မှာ လည်ပတ်နေတာနဲ့အမျှ ဖွဲ့စည်းပုံဟာ ပုံသေ မဟုတ်ဘူး၊ တင်းမာမှုတွေကို ဖော်ထုတ်ပြီး ယူထားတဲ့ အခန်းကဏ္ဍတွေနဲ့ အဝန်းအဝိုင်းတွေမှာ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို ပိုအကျိုးပြုဖို့ ပြန်လည် သတ်မှတ်နေတဲ့အတွက် အုပ်ချုပ်မှု လုပ်ငန်းစဉ်ဖြစ်တာမို့ သဘောအားဖြင့် ဆက်တိုက် ပြောင်းလဲနေတယ်။ တင်းမာမှုတွေကို သိရှိပြီး ချိန်ညှိမှုတွေ အမြဲလုပ်ရတဲ့ ထပ်ခါတလဲလဲ လုပ်ငန်းစဉ်ဟာ Holacracy ဘယ်လို လက်တွေ့မှာ အလုပ်လုပ်တယ်ဆိုတာရဲ့ အခြေခံပဲ။

    အချုပ်အားဖြင့် Holacracy ဟာ ရိုးရာ စီမံခန့်ခွဲမှု အဆင့်ဆင့်အလွှာစနစ်ကို ကိုယ်ပိုင် စီမံခန့်ခွဲတဲ့ အဝန်းအဝိုင်းတွေနဲ့ အာဏာ ဖြန့်ဝေထားတဲ့၊ လှုပ်ရှားနေတဲ့ ဖွဲ့စည်းမှုတခုနဲ့ အစားထိုးတဲ့ အဖွဲ့အစည်းဆိုင်ရာ အုပ်ချုပ်မှု စနစ်တခု ဖြစ်တယ်။ ဒါဟာ ပိုပြီး တက်ကြွသွက်လက်လာအောင် လုပ်ဖို့၊ လူပုဂ္ဂိုလ်တွေကို စွမ်းအားမြှင့်ပေးဖို့၊ တာဝန်ခံမှု ပိုရှင်းလင်းလာအောင် လုပ်ဖို့နဲ့ လိုက်လျောညီထွေ ဖြစ်တာကို မြှင့်တင်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်။ ဒါကို အကောင်အထည်ဖော်တဲ့နေရာမှာ အဖွဲ့ဝင်တွေကို လေ့ကျင့်ဖို့နဲ့ သူ့ရဲ့ ထူးခြားတဲ့ လုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် လိုက်နာဖို့ အထူး ကြိုးစားအားထုတ်မှု လိုအပ်ပေမဲ့ Holacracy ဟာ အလွှာဆင့်စနစ်ရဲ့ ကန့်သတ်မှုတွေကနေ ပိုပြီး ပျော့ပြောင်းတဲ့၊ ရည်ရွယ်ချက် ဦးတည်တဲ့နဲ့ ပြောင်းလဲမှုတွေကို တုံ့ပြန်နိုင်တဲ့ အလုပ်လုပ်တဲ့ နည်းလမ်းဆီ ရွေ့လျားဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေအတွက် တင်းတင်းကြပ်ကြပ် ဗဟိုချုပ်ကိုင်မှုမဟုတ်တဲ့ တခြားရွေးချယ်စရာတခုကို ပေးပါတယ်။
  • Published on

    လူမှုအဝန်းအဝိုင်းဖြင့် အုပ်ချုပ်မှု (Sociocracy)

    Sociocracy ဆိုတာ အပြန်အလှန် ချိတ်ဆက်ထားတဲ့ "အဝန်းအဝိုင်းတွေ" လို့ ခေါ်တဲ့ အုပ်စုတွေထဲမှာ လက်ခံမှုအခြေခံ ဆုံးဖြတ်ချက်ချတာကို ဦးစားပေးတဲ့ အုပ်ချုပ်မှု စနစ်တခု ဖြစ်တယ်။ ဒါက ပွင့်လင်းတဲ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရင်း လူတွေနဲ့ အုပ်စုတွေကို စွမ်းအားမြှင့်ပေးဖို့ ရည်ရွယ်တယ်။
    "Sociocracy" ဆိုတဲ့ စကားလုံးဟာ လက်တင်နဲ့ ဂရိ ဘာသာစကားတွေကနေ ဆင်းသက်လာတာ ဖြစ်တယ်၊ အဓိပ္ပာယ်က "အပေါင်းအပါတွေက အုပ်ချုပ်တာ" ဒါမှမဟုတ် "အဖော်တွေက အုပ်ချုပ်တာ" လို့ ဆိုလိုတယ်။ အဖွဲ့တွေ ထိရောက်တာ (အလုပ်တွေ ကောင်းကောင်း ပြီးမြောက်တာ) နဲ့ တန်းတူညီမျှမှုကို သေချာစေတာ (ပါဝင်တဲ့ လူတိုင်း တန်းတူ အသံ ရှိပြီး သူတို့ ပြောတာ နားထောင်ခံရတယ်လို့ ခံစားရတာ) နှစ်မျိုးလုံး လက်တွေ့ဖြစ်စေဖို့ ကူညီတဲ့ ဆုံးဖြတ်ချက်ချတာနဲ့ စနစ်တကျ လုပ်ဆောင်တာ နည်းလမ်းတခု ဖြစ်တယ်လို့ ပြောလို့ရတယ်။
    ဒါက အဆင့်အတန်းခွဲတဲ့ Hierarchy ဒါမှမဟုတ် အများစုမဲစနစ်နဲ့ မတူဘူး။
    အဆင့်အတန်းခွဲတဲ့စနစ်ဟာ ထိပ်ဆုံးမှာ လူ တယောက် ဒါမှမဟုတ် လူ နည်းနည်းလေးက ဆုံးဖြတ်ချက် အများစုကို ချတာမျိုးကိုပြောတယ်။
    ရိုးရိုးမြင်နေကျ အများစုဆန္ဒမဲစနစ်က ၅၁% က ၄၉% အတွက် ဆုံးဖြတ်နိုင်တာမျိုး ဖြစ်တယ်။ ဒါ့အပြင် လူနည်းစု မကျေနပ်ရင်လည်း လူများစုက ဖိအားပေးလို့ ရနိုင်တယ်။ ဒါဟာ လူတချို့အသံတွေနားထောင်မခံရတာ ဒါမှမဟုတ် မပျော်မရွှင် ခါးသီးပြီး ကျန်ခဲ့နိုင်တာမျိုး ဖြစ်နိုင်တယ်။
    အဝန်းအဝိုင်းငယ်တခု (ဥပမာ ပညာရေးအဝန်းအဝိုင်းတခု) မှာ Sociocracy လုပ်ဆောင်နည်းကို နမူနာကြည့်ပါ။
    ဒီစနစ်မှာ တညချင်း ကျွမ်းကျင်သူတွေ ဖြစ်ဖို့ မလိုဘူး။ အဲဒီရဲ့ အဓိက စိတ်ကူး တချို့ကို သင့် အစည်းအဝေးတွေနဲ့ ဆုံးဖြတ်ချက်ချတာတွေမှာ စတင် အသုံးပြုနိုင်တယ်။
    အဓိကအမြင်ကတော့ သဘောတူညီမှုနဲ့ ဆုံးဖြတ်ချက်ချတာပဲ။ ဒါက အရေးအကြီးဆုံး အပိုင်း ဖြစ်တယ်။ ဒါဟာ လူတိုင်း လုံးဝ သဘောတူပြီး ဆုံးဖြတ်ချက်ကို သဘောကျရမယ်ဆိုတဲ့ "အားလုံးသဘောတူညီမှု" (Consensus) နဲ့ မတူဘူး။
    လက်ခံမှု (Consent) ဆိုတာ "ကန့်ကွက်မှု မရှိဘူး" လို့ ဆိုလိုတယ်။ အကယ်၍ အဖွဲ့ထဲမှာ ဘယ်သူမှ အလုပ်မဖြစ်ဘူး ဒါမှမဟုတ် အဖွဲ့ရဲ့ ရည်မှန်းချက်တွေကို ထိခိုက်စေမယ်ဆိုတဲ့ ခိုင်မာတဲ့ အကြောင်းပြချက် မရှိဘူးဆိုရင် ဆုံးဖြတ်ချက်တခု ချမှတ်နိုင်တာ ဖြစ်တယ်။ ငါမကြိုက်ဘူး ဆိုတာလောက်နဲ့လည်း မရဘူး။
    ဒီလို တွေးကြည့်ပါ။
    "ဒီ အဆိုပြုချက်က ဒီအချိန်အတွက် စမ်းကြည့်ဖို့ လုံလောက်ပြီလား"
    အကယ်၍ တယောက်ယောက်မှာ အဖွဲ့ရဲ့ ရည်မှန်းချက်တွေ ဒါမှမဟုတ် အလုပ်တွေ ဘယ်လို လုပ်လဲဆိုတာ အခြေခံတဲ့ ခိုင်မာတဲ့ အကြောင်းပြချက် (ကန့်ကွက်ချက်ယုတ္တိတခု) ရှိရင် ဒါဟာ ရိုးရိုးလေး မကျေနပ်တာ မဟုတ်ဘူး။ ဒါက လက်ဆောင်တခု ဖြစ်တယ်လို့ မြင်ရမယ်။ အဖွဲ့ ကိုလွဲချော်သွားနိုင်တဲ့ ပြဿနာတခုကို မြင်အောင် ကူညီတယ်။ ပြီးတော့ အဖွဲ့က အဲဒီ ကန့်ကွက်ချက် ပြေလည်ပြီး သဘောတူညီမှု ရောက်တဲ့အထိ အဆိုပြုချက်ကို ပြင်ဆင်ဖို့ အတူတူ လုပ်ဆောင်ကြမယ်။
    "Rounds" တပတ်လည်လှည့်ခြင်းများနဲ့ အစည်းအဝေး လုပ်ဆောင်ရမယ်။ ဆုံးဖြတ်ချက်ချတာ အပါအဝင် လူတိုင်းရဲ့ အသံ နားထောင်ခံရဖို့ သေချာစေဖို့အတွက် "အပတ်ရေလှည့်တဲ့နည်း" ကို အသုံးပြုပါ။ ဒါဟာ ဘယ်သူ့ကိုမှ မဖြတ်တောက်ဘဲ လူတိုင်း တလှည့်စီ ပြောတာကို ဆိုလိုတယ်။ ပိုပြီး တိတ်ဆိတ်တဲ့သူတွေ သူတို့ရဲ့ အတွေးတွေ ဝေမျှဖို့ ကူညီပေးရမယ်၊ ပြီးတော့ ပိုပြီး လွှမ်းမိုးတတ်တဲ့သူတွေ လက်ဝါးကြီးအုပ်တာကို ကာကွယ်ပေးတယ်။
    Facilitator (ပံ့ပိုးအကူအညီပေးသူ) ဟာ အစည်းအဝေး လုပ်ငန်းစဉ်ကို လမ်းညွှန်ပေးဖို့ ကူညီတယ်။ သူတို့ဟာ လူတိုင်း တလှည့်စီ ပြောဖို့ သေချာအောင် လုပ်တယ်၊ အဖွဲ့ကို အာရုံစိုက်နေအောင် လုပ်တယ် ပြီးတော့ သဘောတူညီမှု ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ကို လမ်းညွှန်တယ်။ ဒီ ပံ့ပိုးသူနေရာကို တလှည့်စီလုပ်ပြီး လည်ပတ်နိုင်တယ်။
    Secretary (ဒါမှမဟုတ် မှတ်တမ်းတင်သူ)ဟာ အဓိက အချက်တွေ ပြီးတော့ အရေးကြီးတာက သဘောတူညီမှုနဲ့ ချမှတ်ထားတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေကို ရေးမှတ်တယ်။
    တယောက်ယောက်က စိတ်ကူးတခု အဆိုပြုတယ် ("proposal" တခု)။ ဘာလုပ်မလဲ။
    Clarity Round တခု လုပ်ပါ: အဆိုပြုချက်နဲ့ ပတ်သက်တဲ့ ရှင်းလင်းချက် မေးခွန်းတွေ မေးပါ ဒါမှ လူတိုင်း နားလည်ဖို့။
    Concern Round တခု ထပ်လုပ်ပါ: လျင်မြန်စွာ ကနဦး စိုးရိမ်မှုတွေ မေးပါ။
    Consent Round: Facilitator က လူတိုင်းကို မေးရမယ်၊ "ဒီ အဆိုပြုချက်ကို လက်ခံဖို့ ခိုင်မာတဲ့ ကန့်ကွက်ချက် ရှိသလား။" အကယ်၍ လူတိုင်းက "ကန့်ကွက်မှု မရှိဘူး" လို့ ပြောရင် အဆိုပြုချက်ကို သဘောတူညီလိုက်တာ ဖြစ်တယ်။ ဒါဆို ရပြီ။
    အကယ်၍ တယောက်ယောက်မှာ ခိုင်မာတဲ့ ကန့်ကွက်ချက် တခု ရှိရင် သူတို့ ဘာကြောင့်ဆိုတာ ရှင်းပြတယ် (အဖွဲ့ရဲ့ ရည်မှန်းချက်တွေအပေါ် အခြေခံပြီး ယုတ္တိရှိရမယ်)။
    ပြီးတော့ အဖွဲ့က ကန့်ကွက်ချက်ကို ပြေလည်စေဖို့ အဆိုပြုချက်ကို ပြင်ဆင်ဖို့ အတူတူ လုပ်ဆောင်ကြတယ်။ ဒီ လုပ်ငန်းစဉ်က ဘယ်သူမှ ခိုင်မာတဲ့ ကန့်ကွက်ချက် မရှိတော့တဲ့အထိ ထပ်လုပ်တယ်။
    ဆုံးဖြတ်ချက်ကို အတည်ပြုပြီး မှတ်သားထားပါ။ အကောင်အထည်ဖော်ပါ။
    Sociocracy ရဲ့ အဓိက အချက်တွေကို ပြန်ကြည့်မယ်။
    အဝန်းအဝိုင်းငယ်တွေဟာ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့တွေ ဖြစ်တယ်။ သူတို့ကို ခြုံငုံတဲ့ အဖွဲ့ကြီးလည်း ရှိရင်ရှိမယ်။ ဒါပေမယ့် မျှဝေထားတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ နယ်ပယ်ထဲမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အာဏာ ရှိတယ်။
    ဆုံးဖြတ်ချက်တွေဟာ အဝန်းအဝိုင်းအဖွဲ့ဝင် အားလုံးဆီက သဘောတူညီမှု ရယူခြင်းအားဖြင့် ချမှတ်တာ ဖြစ်တယ်။ ဒါဟာ ဘယ်သူမှ သူတို့ ဆုံးဖြတ်ချက်ကို ထောက်ခံတာ ဒါမှမဟုတ် သူတို့ အလုပ်လုပ်တာကို တားဆီးတဲ့ တရားဝင် ကန့်ကွက်ချက် မရှိဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။
    အဝန်းအဝိုင်းကိုယ်စားလှယ်တွေဟာ အထွေထွေအဝန်းအဝိုင်းရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်တယ်။ ဒါဟာ အဆင့်အလွှာတွေကြား သတင်းစီးဆင်းမှုနဲ့ တုံ့ပြန်မှုတွေ သေချာစေတာပေါ့။
    အဝန်းအဝိုင်းတိုင်းရဲ့ အဖွဲ့ဝင်တွေဟာ သူတို့ကို ပိုမြင့်တဲ့ အဝန်းအဝိုင်းအလွှာတွေမှာ ကိုယ်စားပြုဖို့ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ရတယ်။
    Sociocracy ဟာ လုပ်ငန်းစဉ်တွေနဲ့ ဆုံးဖြတ်ချက်တွေကို ပိုကောင်းအောင် လုပ်ဖို့ ဆက်တိုက် ဖြစ်ပေါ်နေတဲ့ တုံ့ပြန်မှုနဲ့ အကဲဖြတ်မှုကို အလေးပေးတယ်။ တရာသေ မဟုတ်ဘူး။
    Sociocracy ဟာ ထိရောက်မှု၊ သဘောတူညီမှု၊ အတွေ့အကြုံကနေ သင်ယူမှု၊ ဆက်တိုက် ပိုကောင်းအောင် လုပ်တာ၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု ဆိုတဲ့ နိယာမတွေအပေါ် တည်ဆောက်ထားတာ ဖြစ်တယ်။
    Sociocracy ဟာ အုပ်စုတွေ ပိုပြီး ထိရောက်တာနဲ့ တန်းတူညီမျှတာမျိုးနဲ့ အတူတူ လုပ်ဆောင်နိုင်ဖို့ နည်းလမ်းသစ်တခုကို ပြသတယ်။ ဒါဟာ လူနည်းနည်းလေးကပဲ ဆုံးဖြတ်တာ ဒါမှမဟုတ် အများစုကပဲ အနိုင်ရတာမျိုးနဲ့ မတူဘူး။ ဒီစနစ်က လူတိုင်းရဲ့ အသံကို အရေးကြီးတယ်လို့ သတ်မှတ်ပြီး အတူတူ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီတယ်။ ဒီလို အဝန်းအဝိုင်းအခြေခံ အုပ်ချုပ်ရေးပုံစံက သင့်အဖွဲ့အစည်း ဒါမှမဟုတ် သင့်အုပ်စုအတွက် ဘယ်လို အကျိုးပြုနိုင်မလဲဆိုတာ ပိုမိုသိရှိနိုင်ဖို့ အခုနောက်ပိုင်း ဆွေးနွေးမှု များလာတဲ့ Sociocracy ၊ ဒါမှမဟုတ် သူ့လိုမျိုး ဗဟိုချုပ်မထားတဲ့ အုပ်ချုပ်မှုပုံစံတွေကို လေ့လာကြည့်သင့်ပါတယ်။