• Published on

    ဒီမိုကရက်တစ်ကွန်ဖက်ဒရယ် (နိုင်ငံမဲ့ ဒီမိုကရေစီ)


    မိမိတို့ ဘယ်လို အတူတကွ ရှင်သန်နေထိုင်ကြမလဲ။


    လွတ်လွတ်လပ်လပ် အတူတကွ နေထိုင်တယ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။ အာဏာနဲ့ အုပ်ချုပ်တာ မဟုတ်ဘဲ ယုံကြည်မှုနဲ့ အုပ်ချုပ်တယ်ဆိုတာရော ဘာကို ဆိုလိုတာလဲ။ ဒါတွေဟာ တိတ်ဆိတ်နက်ရှိုင်းတဲ့ မေးခွန်းတွေ ဖြစ်တယ်၊ အဲဒီမေးခွန်းတွေက ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်ဝါဒရဲ့ အဓိကအချက်မှာ ရှိနေတယ်၊ အဲဒီဝါဒက ဒီမိုကရေစီကို အပေါ်ကနေ ချမှတ်တဲ့ စနစ်တခုအဖြစ် မဟုတ်ဘဲ အောက်ခြေကနေ - အိမ်နီးနားချင်းတွေကြား၊ လမ်းတွေ၊ ရွာတွေမှာ - ရှင်သန်ကြီးထွားလာတဲ့ နေထိုင်မှုပုံစံတခုအဖြစ် ပြန်လည်စဉ်းစားဖို့ ဖိတ်ခေါ်နေတယ်။

    ဒီ လောကအမြင်၊ သူ့ရဲ့ လုပ်ဆောင်မှုတွေ၊ ဖြစ်နိုင်ခြေတွေ၊ ဒါ့အပြင် သူကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို စူးစမ်းလိုတဲ့စိတ်နဲ့ အတူတကွ ဆွေးနွေးကြည့်ကြစို့။

    အိမ်နီးနားချင်းတွေမှာ အမြစ်တွယ်ထားတဲ့ ဒီမိုကရေစီအကြောင်း ပြောစို့။

    ကနဦး Abdullah Öcalan က စိတ်ကူးခဲ့တဲ့ ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်ဝါဒဟာ ရိုးရှင်းပေမဲ့ ခိုင်မာတဲ့ အိုင်ဒီယာတခုနဲ့ စတင်ခဲ့တယ်။ ဒီမိုကရေစီဟာ နိုင်ငံတော်နဲ့ စတင်တာ မဟုတ်ဘဲ နေရာတခုနဲ့ ဘဝတခုကို မျှဝေနေကြတဲ့ ပြည်သူတွေနဲ့ စတင်သင့်တယ်ဆိုတဲ့ အိုင်ဒီယာပဲ။ ဒါဟာ အာဏာက ဝေးကွာတဲ့ အင်စတီကျူးရှင်းတွေကနေ အောက်ကို စီးဆင်းတာ မဟုတ်ဘဲ ဒေသခံ လူမှုအဖွဲ့အစည်းတွေ - ရပ်ကွက်တွေ၊ ရွာတွေ၊ မြို့တွေ - ကနေ အပေါ်ကို စီးဆင်းတဲ့ ကမ္ဘာတခုကို စိတ်ကူးယဉ်ထားတယ်။ ဒါက သာမန်ပြည်သူတွေက သူတို့ရဲ့ မျှဝေထားတဲ့ အနာဂတ်ကို ဆွေးနွေးငြင်းခုံခြင်းနဲ့ ဂရုစိုက်ခြင်းအားဖြင့် ပုံဖော်ကြတဲ့ "အိမ်နီးနားချင်းတွေရဲ့ ဒီမိုကရေစီ" ဖြစ်တယ်လို့ ဆိုလိုတယ်။

    သူ့ရဲ့ အဓိကအချက်မှာ ဒီဝါဒက အောက်ပါအချက်တွေကို စဉ်းစားပါတယ်။
    • ကိုယ်ပိုင်အုပ်ချုပ်မှု - လူမှုအဖွဲ့အစည်းတွေက သူတို့ရဲ့ လိုအပ်ချက်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုကနေ ပညာရေး၊ အငြင်းပွားမှုတွေ ဖြေရှင်းတာအထိ၊ ကို ဗဟိုပြုပြီး ဆုံးဖြတ်ချက်တွေ အတူတူ ချကြတယ်။ 
    • ကျားမတန်းတူညီမျှမှု - အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချရာမှာ တန်းတူပူးပေါင်းပါဝင်သူတွေ ဖြစ်တယ်၊ အဓိကနေရာယူလွှမ်းမိုးထားတဲ့ အစဉ်အလာတွေကို စိန်ခေါ်နေကြတယ်။ 
    • ဂေဟစနစ်ဆိုင်ရာ သတိပြုမိမှု - ကမ္ဘာမြေကြီးနဲ့ သဟဇာတဖြစ်အောင် နေထိုင်ခြင်းဟာ လမ်းညွှန်အခြေခံမူ ဖြစ်တယ်။ ပေါင်းစုံပါဝင်နိုင်မှု - ကွဲပြားတဲ့ အသံတွေနဲ့ ယဉ်ကျေးမှုတွေကို ကြိုဆိုပါတယ်၊ နှုတ်ပိတ်တာမျိုး မလုပ်ပါဘူး။

    ဒါက တောင့်တင်းခိုင်မာတဲ့ တရားသေဖွဲ့စည်းစရာပုံစံတခု မဟုတ်ဘဲ စဉ်းစားပုံစဉ်းစားနည်း တခု ဖြစ်တယ်။ ယုံကြည်မှုနဲ့ တာဝန်ယူမှုဆိုင်ရာ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ခေါ်ဆိုနေတာ ဖြစ်တယ်၊ အဲဒီမှာ လွတ်လပ်မှုဆိုတာ မဲပေးခွင့်ရုံတင် မဟုတ်ဘဲ နားထောင်ပေးတဲ့ လူမှုအဖွဲ့အစည်းတခုမှာ ကိုယ့်ရဲ့ အသံကို ထုတ်ဖော်ပြောဆိုခွင့်ရတာကို ဆိုလိုတယ်။

    မျှဝေထားတဲ့ တာဝန်ယူမှုကို လက်တွေ့အသုံးချမှု

    ဆီးရီးယားမြောက်ပိုင်းနဲ့ အရှေ့ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသဖြစ်တဲ့ ရိုဂျာဗာမှာတော့ ဒီဝါဒကို စစ်ပွဲရဲ့ ပရမ်းပတာအခြေအနေကြားထဲမှာ စမ်းသပ်ခဲ့ရတယ်။ ဒီနေရာမှာ ပြည်သူတွေက အသစ်အဆန်းတခု တည်ဆောက်ဖို့ ရဲရင့်ခဲ့ကြတယ် - ဒီမိုကရေစီဟာ သေးငယ်တဲ့၊ ဒေသတွင်း စည်းဝေးပွဲတွေနဲ့ ရပ်ကွက်ကွန်မြူးတွေကနေ စတင်တဲ့ လူ့အဖွဲ့အစည်းတခုပဲ။ ဒါတွေဟာ ခမ်းနားကြီးကျယ်တဲ့ ပါလီမန်တွေ မဟုတ်ဘဲ ရိုးသားတဲ့ စုဝေးပွဲတွေ ဖြစ်တယ်။ မိသားစုတွေ လက်ဖက်ရည်သောက်ရင်း တွေ့ဆုံတာ၊ အိမ်နီးနားချင်းတွေ သူတို့ရဲ့ မျှဝေထားတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးတာမျိုးတွေ ဖြစ်တယ်။

    ဒီ စည်းဝေးပွဲတွေမှာ ဆုံးဖြတ်ချက်တွေကို အများစုရဲ့ မဲနဲ့ မဟုတ်ဘဲ သဘောတူညီချက်နဲ့ ချမှတ်ပါတယ်။ “ဒါက အခုအချိန်အတွက် လုံလောက်ပြီလား၊ စမ်းသပ်ဖို့ လုံခြုံပြီလား” လို့ မေးတဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်။ ဒီမေးခွန်းက မိမိကိုယ်ကိုယ်နှိမ့်ချမှုကို ဖိတ်ခေါ်တယ်၊ ကန့်ကွက်မှုကို ခြိမ်းခြောက်မှုအဖြစ် မဟုတ်ဘဲ အိုင်ဒီယာတွေကို ပိုမိုအားကောင်းစေတဲ့ နည်းလမ်းအဖြစ် နေရာပေးတယ်။ ခေါင်းဆောင်မှုဆိုတာ ထိန်းချုပ်မှုအကြောင်း မဟုတ်ဘဲ ဝန်ဆောင်မှုအကြောင်း ဖြစ်တယ်၊ တာဝန်ယူမှုရှိဖို့ သေချာစေဖို့ မကြာခဏ လှည့်လည်လုပ်ဆောင်ကြတယ်။ ကလေးတွေနဲ့ လူငယ်တွေကိုတောင် ဒီ စမ်းသပ်မှုထဲကို ဖိတ်ခေါ်ထားတယ်၊ လူငယ်ပါလီမန်တွေက လူကြီးစည်းဝေးပွဲတွေကို ထင်ဟပ်စေတယ်။ ဒါက ပညာရေးအဖြစ် ဒီမိုကရေစီကို အသုံးချတာလည်းဖြစ်တယ်။ ပိုင်ဆိုင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ တာဝန်ယူတယ်ဆိုတာ ဘာလဲ၊ မျှဝေထားတဲ့ အနာဂတ်ကို ဘယ်လို ပုံဖော်မလဲဆိုတာကို စုပေါင်းသင်ယူတာပဲ။

    ဒီ ချဉ်းကပ်ပုံက အတွေးအခေါ်ပေါင်းစုံကနေ ဆွဲယူထားတယ်။ လစ်ဘာတီရီယန် မြူနီစီပယ်ဝါဒ (libertarian municipalism)၊ လူစုသိုင်းဝိုင်းအုပ်ချုပ်မှု (sociocracy)၊ အိန္ဒိယက အိမ်နီးနားချင်းဝါဒ (neighborocracy) ဆိုတဲ့ အယူအဆ၊ ဒါ့အပြင် ယုံကြည်မှုကို အပေါ်ကနေ အမိန့်ပေးလို့ မရဘဲ ဆွေးနွေးငြင်းခုံခြင်းအားဖြင့် ရရှိတယ်ဆိုတာ သိတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ပညာ စတာတွေလည်း ပါတယ်။ ဒါဟာ အရင်းအမြစ်အခြေပြု လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး (Asset-Based Community Development) ကိုလည်း အခြေခံထားတယ်၊ အဲဒီမှာ လူတွေက သူတို့ရဲ့ ပြဿနာတွေကို စာရင်းပြုစုခြင်းအားဖြင့် စတင်တာ မဟုတ်ဘဲ အဲဒီမှာ ရှိပြီးသား ခွန်အားတွေဖြစ်တဲ့ ကျွမ်းကျင်မှုတွေ၊ စိတ်အားထက်သန်မှုတွေ၊ ဆက်ဆံရေးတွေကို အသိအမှတ်ထား ဂုဏ်ပြုခြင်းအားဖြင့် စတင်ကြတယ်။

    အကျပ်အတည်းကာလမှာ ယုံကြည်မှုရဲ့ ခွန်အား

    ရိုဂျာဗာရဲ့ စမ်းသပ်မှုက ဒီမိုကရေစီဟာ အနက်ရှိုင်းဆုံးအဓိပ္ပါယ်အရ ကြွယ်ဝချမ်းသာမှု မဟုတ်ဘဲ အသက်ရှင်သန်ရေး lifeline ဖြစ်တယ်ဆိုတာကို ပြသနေတယ်။ နေရပ်စွန့်ခွာရမှု၊ စစ်ရေးခြိမ်းခြောက်မှုတွေ၊ သံသယစိတ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ လူမှုအဖွဲ့အစည်းတွေက အတူတကွ လုပ်ဆောင်ခြင်းအားဖြင့် ခွန်အားကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ဒါက နက်နဲတဲ့ သင်ခန်းစာတခုကို အကြံပြုနေတယ်။ ဘယ်လိုပဲ ပျက်စီးနေပါစေ၊ လူမှုအဖွဲ့အစည်းတိုင်းက သူ့ရဲ့ ကိုယ်ပိုင်ပြန်လည်ရှင်သန်မှု မျိုးစေ့တွေကို ပိုင်ဆိုင်ထားတယ်။ သူတို့ရဲ့ ခွန်အားတွေကို ပေါင်းစည်းခြင်းအားဖြင့် အိမ်နီးနားချင်းတွေဟာ ဘုံဘဝတခုရဲ့ ပူးတွဲဖန်တီးသူတွေ ဖြစ်လာကြတယ်။

    ရိုဂျာဗာကနေ ရတဲ့ သင်ခန်းစာက ပြီးပြည့်စုံတဲ့ စနစ်တွေအကြောင်း မဟုတ်ဘဲ ဆက်ဆံရေးတွေအကြောင်း ဖြစ်တယ်။ နိုင်ငံရေးဟာ သူ့ရဲ့ အကောင်းဆုံးပုံစံမှာ နားထောင်ခြင်း၊ တုံ့ပြန်ခြင်း၊ ဒါ့အပြင် ယုံကြည်မှု တည်ဆောက်ခြင်းရဲ့ စိတ်ရှည်သည်းခံရတဲ့ အလုပ် ဖြစ်တယ်။ ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်ဝါဒက မျှော်လင့်ချက်အတွက် ဖိတ်ခေါ်မှုတခုကို ပေးပါတယ်၊ ခမ်းနားတဲ့ ကတိတွေကနေ မဟုတ်ဘဲ အိမ်နီးနားချင်းတွေရဲ့ အတူတကွ အုပ်ချုပ်ဖို့ ယုံကြည်တဲ့ တိတ်ဆိတ်တဲ့ သတ္တိအားဖြင့် ဖြစ်တယ်။

    သီအိုရီဆိုင်ရာ စိန်ခေါ်မှုတွေ - နိုင်ငံတော် မရှိဘဲ နေထိုင်ခြင်း

    ဒါပေမဲ့ ဒီ လောကအမြင်က ခက်ခဲတဲ့ မေးခွန်းတွေကို ဖြစ်ပေါ်စေတယ်။ ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်ဝါဒက ဗဟိုချုပ်ကိုင်မှုရှိတဲ့ အာဏာနဲ့ တသမတ်တည်းဖြစ်ဖို့ လမ်းကြောင်းရှိတဲ့ အမျိုးသား-နိုင်ငံတော်ကို ငြင်းပယ်တယ်။ ဒါပေမဲ့ နိုင်ငံတော်တွေ လွှမ်းမိုးထားတဲ့ ကမ္ဘာမှာ ကွန်မြူးတွေရဲ့ ကွန်ဖက်ဒရယ်က ကမ္ဘာ့အစီအစဉ်နဲ့ ဘယ်လို ပတ်သက်ဆက်နွယ်မလဲ။ ဗဟိုချုပ်ကိုင်မှုရှိတဲ့ အင်စတီကျူးရှင်းတွေ မဖန်တီးဘဲ စာချုပ်စာတမ်းတွေ ဘယ်လို ညှိနှိုင်းမလဲ၊ ကျူးကျော်မှုတွေကို ကာကွယ်မလဲ၊ ဒါမှမဟုတ် အခြေခံအဆောက်အအုံ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးလို ကြီးမားတဲ့ လိုအပ်ချက်တွေကို ဘယ်လို ညှိနှိုင်းဆောင်ရွက်မလဲ။ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ လူမှုအဖွဲ့အစည်းတွေဟာ ဒေသခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းထားရင်းနဲ့ ဘယ်လို ကြီးမားတဲ့ အတိုင်းအတာနဲ့ စုပေါင်း လုပ်ဆောင်နိုင်မလဲ။ သာဓကပြောရရင် ကမ္ဘာ့ကပ်ရောဂါကို စီမံခန့်ခွဲတာ ဒါမှမဟုတ် မီးရထားလမ်း ဖောက်လုပ်တာဟာ ဒေသတွေအနှံ့အပြား ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်။ ရှင်းလင်းတဲ့ ယန္တရားတွေ မရှိဘဲ စနစ်က ကာကွယ်ဖို့ ကြိုးစားနေတဲ့ လွတ်လပ်မှု ကိုယ်တိုင်ကို ထိခိုက်စေနိုင်တဲ့ ဗျူရိုကရေစီပုံစံသစ်တွေ ဒါမှမဟုတ် အာဏာတွေ ပေါ်ထွက်လာနိုင်တဲ့ အန္တရာယ် ရှိတယ်။

    အယူဝါဒနဲ့ ခေါင်းဆောင်မှု

    နောက်ထပ် မေးခွန်းတခု ထပ်ပေါ်လာတယ်။ ကွန်ဖက်ဒရယ်ဖွဲ့စည်းမှုကို ဘာက တည်တံ့စေတာလဲ။ လူမှုအဖွဲ့အစည်းတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရင် ပိုကြီးတဲ့ ကွန်ဖက်ဒရယ်ရဲ့ နယ်နိမိတ်တွေကို ဘယ်လို ဆုံးဖြတ်မလဲ။ ဒါက ပထဝီအနေအထား၊ မျှဝေထားတဲ့ တန်ဖိုးတွေ ဒါမှမဟုတ် တခြားအရာတခုခုကို အခြေခံတာလား။ ဗဟိုအာဏာ မရှိရင် ကွန်မြူးတွေကြားက အငြင်းပွားမှုတွေကို စနစ်က ဘယ်လို ဖြေရှင်းမလဲ ဒါမှမဟုတ် ကွဲထွက်တာကို ဘယ်လို ကာကွယ်မလဲ။

    ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်ဝါဒက ခေါင်းဆောင်မဲ့၊ အလျားလိုက် စည်းဝေးပွဲတွေကို ထောက်ခံအားပေးပါတယ်၊ ဒါပေမဲ့ ဒါဟာ Öcalan နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်။ ဒါပေမဲ့ ဒါက Kurdish တွေနဲ့ ပိုဆိုင်နိုင်တယ်။ မေးခွန်းက သူ့ရဲ့ သြဇာလွှမ်းမိုးမှု - ဒါမှမဟုတ် ဘယ်အယူဝါဒပဲ ဖြစ်ပါစေ - ဗဟိုချုပ်ကိုင်မှုရှိတဲ့ အာဏာပုံစံတခု ဖြစ်လာတာကို ဒီဝါဒက ဘယ်လို ကာကွယ်မလဲဆိုတာပဲ။ ပွင့်လင်းတဲ့ ဆွေးနွေးငြင်းခုံမှုကို တန်ဖိုးထားတဲ့ စနစ်တခုက သူ့ရဲ့ အခြေခံအိုင်ဒီယာတွေက ကန့်ကွက်မှုတွေကို ချေမှုန်းတာ ဒါမှမဟုတ် ပေါင်းစုံပါဝင်မှုကို ကန့်သတ်တာမျိုး မဖြစ်အောင် ကာကွယ်ရမယ်။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်အခြေခံမူတွေကို ဆက်လက် ဝေဖန်သုံးသပ်ပြီး ပြောင်းလဲတိုးတက်ဖို့ နည်းလမ်းတွေ လိုအပ်တယ်။

    အသွင်ကူးပြောင်းမှုနဲ့ ပတ်သက်တဲ့ တခြားမေးခွန်းတွေလည်း ရှိတယ်။ အမျိုးသား-နိုင်ငံတော်တွေရဲ့ ကမ္ဘာက ကွန်မြူးတွေရဲ့ ကွန်ဖက်ဒရယ်အဖြစ် ဘယ်လို အသွင်ပြောင်းမလဲ။ ဒီဝါဒက နိုင်ငံတော် ပြိုကျတာ ဒါမှမဟုတ် ပဋိပက္ခလို ရှားပါးတဲ့ အခြေအနေတွေပေါ်မှာ အားကိုးပြီး အသစ်ဖွဲ့စည်းပုံတွေအတွက် နေရာဖန်တီးတာလား။ ဒါမှမဟုတ် ဒါဟာ အပြောင်းအလဲအတွက် လူတိုင်းနဲ့ သက်ဆိုင်တဲ့ ပုံစံတခု ပေးနိုင်တာလား။

    လက်တွေ့အသုံးချမှုအပေါ် ဝေဖန်သုံးသပ်မှုတွေ - အခြေခံမူတွေကို အလျှော့ပေးခြင်းလား

    လက်တွေ့မှာ ဝေဖန်သူတွေက ရိုဂျာဗာရဲ့ ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်ဝါဒကို လက်တွေ့အသုံးချတာက တင်းမာမှုတွေကို ဖော်ပြနေတယ်လို့ ငြင်းခုံကြတယ်။ အဓိက ဝေဖန်ချက်တခုကတော့ ဒီဝါဒရဲ့ နယ်ချဲ့ဆန့်ကျင်ရေး အမြစ်တွေဟာ အမေရိကန်လို နယ်ချဲ့အင်အားစုတွေလို့ မြင်ကြတဲ့ အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ခြင်းကြောင့် ထိခိုက်နေတယ်ဆိုတာပဲ။ တချို့က ဒီဝါဒရဲ့ ကျိုးကြောင်းဆီလျော်မှု - ကမ္ဘာ့အင်အားစုအားလုံးကို "တတိယကမ္ဘာစစ်" မှာ တူညီတဲ့အရာအဖြစ် သဘောထားခြင်း - က ဒီ မဟာမိတ်ဖွဲ့မှုတွေကို လက်တွေ့ကျတဲ့အရာအဖြစ် မှန်ကန်စေတယ်လို့ ငြင်းခုံကြတယ်။ ဖေဖော်ဝါရီ ၂၀၂၅ မှာ Öcalan က ထောင်ထဲကနေ ပါတီကို လက်နက်ချဖို့၊ ကိုယ်တိုင် ဖျက်သိမ်းဖို့၊ ဒါ့အပြင် တူရကီနိုင်ငံတော်နဲ့ ဆယ်စုနှစ်များစွာကြာအောင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ သမိုင်းဝင် ခေါ်ဆိုမှုတခု ပြုလုပ်ခဲ့တယ်။ ဒါက နယ်ချဲ့လွှမ်းမိုးမှုကနေ ကင်းဝေးတဲ့ ကိုလိုနီခေတ်လွန်ကမ္ဘာရဲ့ ရည်မှန်းချက်ကို သစ္စာဖောက်ဖို့ အန္တရာယ်ရှိတယ်၊ ဒီဝါဒရဲ့ အခြေခံမူတွေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကြားမှာ ကွာဟချက်ကို ဖန်တီးနေတယ်။ တူရကီ ကွန်မြူနစ်ပါတီလို ပြင်ပဝေဖန်သူတွေက ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်ဝါဒဟာ လစ်ဘရယ်ဝါဒနဲ့ ပေါင်းစည်းသွားပြီ၊ အနောက်တိုင်းအင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး သူ့ရဲ့ တော်လှန်ရေးဆန်တဲ့ အစွမ်းသတ္တိကို ဆုံးရှုံးသွားပြီလို့ ငြင်းခုံကြတယ်။ ဒါက ဒီဝါဒဟာ လက်တွေ့မှာ သူ့ရဲ့ ခိုင်မာတဲ့ လောကအမြင်ကို ရေဖျန်းလိုက်နိုင်တယ်၊ သူ့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး အစွန်းအထွက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အိုင်ဒီယာတွေ ဒါမှမဟုတ် မဟာမိတ်တွေကို လက်ခံနိုင်တယ်လို့ အကြံပြုနေတယ်။

    နောက်ထပ် ဝေဖန်ချက်တခုကတော့ ဒီဝါဒက အာဏာစုစည်းတာကို ဘယ်လောက် လုံလောက်စွာ ကာကွယ်နိုင်သလဲ၊ အထူးသဖြင့် အကျပ်အတည်းကာလမှာ ကာကွယ်နိုင်သလားဆိုတာကို မေးခွန်းထုတ်တယ်။ ရိုဂျာဗာမှာ တချို့က စည်းဝေးပွဲအခြေခံ အုပ်ချုပ်ရေးသီအိုရီရှိနေပေမဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ လက်အောက်မှာ "အာဏာရှင်စနစ်" ကို မြင်ကြတယ်။ ဒါက ဖြစ်နိုင်တဲ့ အားနည်းချက်တခုကို အကြံပြုနေတယ်- စစ်အုပ်ချုပ်ရေး ဒါမှမဟုတ် မတည်ငြိမ်တဲ့ အခြေအနေတွေမှာ ဒီဝါဒက အရပ်ဘက်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ စည်းဝေးပွဲတွေက စစ်တပ် ဒါမှမဟုတ် နိုင်ငံရေး အဆောက်အအုံတွေအပေါ် အာဏာကို ထိန်းချုပ်ထားနိုင်မလား။ သူ့ရဲ့ ဒီမိုကရေစီ အနှစ်သာရကို ထိန်းသိမ်းထားဖို့ ဒီဇိုင်းက ပိုမိုအားကောင်းတဲ့ ကာကွယ်မှုတွေ လိုအပ်နိုင်တယ်။

    ကတိနဲ့ စိန်ခေါ်မှု

    ဒီမိုကရက်တစ် ကွန်ဖက်ဒရယ်ဝါဒက လှပတဲ့၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်တဲ့ လောကအမြင်တခုကို ပေးပါတယ်။ ဒီမိုကရေစီဟာ လူနဲ့ဝေးကွာတဲ့ အင်စတီကျူးရှင်းတခု မဟုတ်ဘဲ ယုံကြည်မှုနဲ့ မျှဝေထားတဲ့ တာဝန်ယူမှုမှာ အမြစ်တွယ်ထားတဲ့ အသက်ဝင်စွာနဲ့ လုပ်ဆောင်မှုတခု ဖြစ်တဲ့ ကမ္ဘာတခုပဲ။ ရိုဂျာဗာမှာ သူ့ရဲ့ စမ်းသပ်မှုတွေက အကျပ်အတည်းကာလမှာတောင် လူတွေ အတူတကွ အုပ်ချုပ်ဖို့ ရဲရင့်တဲ့အခါ ဘာတွေ ဖြစ်နိုင်တယ်ဆိုတာကို ပြသနေတယ်။ ဒါပေမဲ့ ဒါဟာ နက်နဲတဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်နေရတယ်- နိုင်ငံတော် လွှမ်းမိုးထားတဲ့ ကမ္ဘာမှာ အသက်ရှင်ရပ်တည်ရေး၊ ဒေသလိုအပ်ချက်တွေနဲ့ စုပေါင်းလိုအပ်ချက်တွေကို မျှတအောင် ထိန်းညှိရေး၊ အယူဝါဒဆိုင်ရာ ပွင့်လင်းမြင်သာမှု သေချာစေရေး၊ ဒါ့အပြင် သူ့ရဲ့ လွတ်မြောက်ရေး အမြစ်ခံရာတွေနဲ့ ကိုက်ညီစွာ နေထိုင်ရေးတို့ပဲ။

    ဒီဝါဒရဲ့ အစွမ်းသတ္တိ အစစ်အမှန်က အဖြေအားလုံးကို ပေးရာမှာ မဟုတ်ဘဲ ဒါကို စဉ်းစားဖို့ မိမိတို့ကို တောင်းဆိုရာမှာ ရှိတယ်လို့ ဆိုလိုတာ ဖြစ်နိုင်တယ်။ လွတ်လွတ်လပ်လပ် နေထိုင်ဖို့ မိမိတို့ ဘယ်လို ဆက်ဆံရေးမျိုးတွေ တည်ဆောက်ရမလဲ။ ဒါ့အပြင် စမ်းသပ်ဖို့ အချင်းချင်း လုံလောက်စွာ ယုံကြည်နိုင်မလား။

  • Published on

    ရှေးရဟန်းများ၏ ဗဟိုချုပ်ကိုင်မှုမရှိသော အုပ်ချုပ်မှု

    ဗုဒ္ဓဘာသာ ရှေးရဟန်းတွေဆီက ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့ အုပ်ချုပ်မှုအကြောင်း ဘာတွေ သင်ယူနိုင်မလဲ။

    ဗုဒ္ဓဘာသာ ရဟန်းတွေအကြောင်း တွေးတဲ့အခါ ကျွန်တော်တို့ဟာ အရမ်း တင်းကျပ်တဲ့ စနစ်တခုကို မြင်ယောင်နိုင်တယ်။ ထိပ်ဆုံးက သက်တော်ကြီး ရဟန်းတွေ၊ သူတို့ကို ငြိမ်ငြိမ်လေး နာခံတဲ့ သက်တော်ငယ် ရဟန်းတွေနဲ့ ကမ္ဘာအနှံ့အပြား အတူတူ စည်းမျဉ်းတွေ လိုက်နာတဲ့ လူတိုင်းလိုပေါ့။ ဒါပေမဲ့ ဒီပုံစံက သိပ် မှန်ကန်တာ မဟုတ်ဘူး။

    တကယ်တော့ ဗုဒ္ဓက ရဟန်းသံဃာ အဖွဲ့အစည်း "သံဃာ" ကို ဗဟိုချုပ်ကိုင်မှုနဲ့ လုံးဝမတူတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်တယ်။ ကိုယ် တယောက်တည်း ဒါမှမဟုတ် အုပ်စုတခုတည်းက အရာအားလုံးကို ထိန်းချုပ်တာကို သူ မလိုချင်ခဲ့ဘူး။ ပရိနိဗ္ဗာန်ပြုကာနီး ဦးဆောင်သူ၊ သာသနာပိုင် မရှိဘူးလို့ ထင်ထင်ရှားရှား ပြောသွားခဲ့သေးတယ်။ ဗုဒ္ဓဟာ ဒေသအလိုက်ဖြစ်တဲ့၊ ပျော့ပြောင်းတဲ့၊ အချင်းချင်း လေးစားမှုနဲ့ အတူတူမျှဝေထားတဲ့ ဆုံးဖြတ်ချက်တွေကနေ လမ်းညွှန်တဲ့ စနစ်တခု တည်ဆောက်ခဲ့တာပဲ။

    ဘယ်လို အလုပ်လုပ်လဲ ဆိုတာ ကြည့်ရအောင်။
    ဗုဒ္ဓဘာသာ ရဟန်းဘဝရဲ့ အဓိက စည်းမျဉ်းတွေကို ဝိနယ လို့ ခေါ်တဲ့ ဟောပြောချက်အနေနဲ့ စုစည်းထားတာဖြစ်တယ်။ ဒါဟာ ရဟန်းတွေ ငြိမ်းချမ်းစွာနဲ့ ကိုယ်ကျင့်တရားပိုင်း ကောင်းမွန်စွာ နေထိုင်နိုင်ဖို့ ကူညီပေးမယ့် အသေးစိတ် စည်းမျဉ်းတွေနဲ့ ကျင့်စဉ်တွေ ဖြစ်တယ်။ ဒါရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး စိတ်ကူးတွေထဲက တခုကတော့ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို အဖွဲ့တခုအနေနဲ့ အတူတူ ချမှတ်သင့်တယ်ဆိုတာပဲ။

    ဒီလို အဖွဲ့နဲ့ လုပ်တာကို သံဃကမ္မ လို့ ခေါ်တယ်။ ရဟန်းတွေဟာ ဒေသတွင်း သတ်မှတ်နယ်မြေ တခု ( သိမ်) မှာ စုဝေးပြီး အရေးကြီးတဲ့ အရာတခုခုကို ဆွေးနွေးတဲ့အခါ ဖြစ်ပေါ်တယ်။  ဥပမာ ဘယ်သူ့ကို ရှင်ရဟန်း ပြုပေးမလဲ၊ အငြင်းပွားမှုတွေကို ဘယ်လို ကိုင်တွယ်မလဲ ဒါမှမဟုတ် စည်းမျဉ်း တခု ချိုးဖောက်ခံရရင် ဘာလုပ်မလဲ ဆိုတာမျိုးတွေကို ဆွေးနွေးခဲ့ကြတယ်။

    သူတို့ဟာ အားလုံး သဘောတူညီမှု ရဖို့ ကြိုးစားကြတယ်။ လူတိုင်း သဘောတူရင် ဆုံးဖြတ်ချက်က တရားဝင် ဖြစ်တယ်။ သက်တော်ကြီးရင်တောင် ကိုယ် တယောက်တည်း အရာအားလုံးကို ဆုံးဖြတ်လို့ မရဘူး။ အတွေ့အကြုံကို လေးစားတာ အရေးကြီးတယ်၊ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ သဟဇာတ ဖြစ်တာကို ထိခိုက်တာမျိုး မဟုတ်ဘူး။ စိတ်ကူးက ရိုးရှင်းတယ်။ ပညာက လမ်းညွှန်ပေးသင့်တယ်၊ ထိန်းချုပ်တာ မဟုတ်ဘူး။

    ဒီစနစ်ဟာ ပြီးပြည့်စုံဖို့ ဒါမှမဟုတ် အမြဲတမ်း သဘောတူဖို့ အကြောင်း မဟုတ်ဘူး။ ဒါဟာ နားထောင်တာ၊ ဆွေးနွေးတာနဲ့ ဘုံအမြင် တခု ရှာဖွေတာဖြစ်တယ်။ အတူတူရှာတယ်ပေါ့။

    အုပ်ချုပ်ရေးမှာ ဌာနချုပ် မရှိဘူး၊ အကြီးအကဲတွေ မရှိဘူး။ ကမ္ဘာအနှံ့အပြားက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင် တယောက်ဆီက အမိန့်တွေ လိုက်နာရမယ်လို့  ဗုဒ္ဓဘာသာမဟုတ်သူတဦးက ထင်ကောင်း ထင်နိုင်တယ်။ ဒါပေမဲ့ ဝိနည်းက အဲဒီလို အလုပ်မလုပ်ဘူး။ ဗဟို အာဏာ တခုကို ဖန်တီးဖို့ ဒါကို ဘယ်တော့မှ မရည်ရွယ်ခဲ့ဘူး။

    ရဟန်းသံဃာအဖွဲ့အစည်း တခုစီဟာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတယ်။ သူ့ရဲ့ ကိုယ်ပိုင်စည်းတွေ သတ်မှတ်နိုင်တယ်။ သူ့ရဲ့ ကိုယ်ပိုင် အစည်းအဝေးတွေ လုပ်တယ်။ ဒေသခံ လိုအပ်ချက်တွေပေါ် အခြေခံပြီး မျှဝေထားတဲ့ စည်းမျဉ်းတွေကို လမ်းညွှန်အဖြစ် သုံးပြီး ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်တယ်။ ဥပမာ အလွန်ဆင်းရဲပြီး စေတနာလည်း ရှိတဲ့သူတွေဆီမှာ အလှူမခံသင့်ဘူးဆိုတာမျိုး Guideline တွေ ရှိပေမယ့် အဲ့သည်အရာက ပျော့ပြောင်းပြီး လက်တွေ့ဘဝမှာ အခြေခံထားတယ်။

    တစုံလုံးမှာ စည်းမျဉ်းတွေကို အပေါ်ကနေ "အတင်းအကျပ် လုပ်ခိုင်းဖို့" ဘယ်သူမှ မရှိဘူးဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်တယ်။ အရာအားလုံးဟာ ရဟန်းတွေရဲ့ ဝိနည်းမှာ မြုပ်နှံထားတဲ့ စိတ်ကောင်းစေတနာကို လိုက်နာလိုစိတ်အပေါ် မူတည်တယ်။ ဒီစနစ်ဟာ ရဟန်းတွေ "ဘာမှန်တယ်" ဆိုတာကို လုပ်ဖို့ လေးလေးနက်နက် ဂရုစိုက်တဲ့အခါ အကောင်းဆုံးဖြစ်တယ်။ တယောက်ယောက်က သူတို့ကို ပြောလို့ မဟုတ်ဘဲ သူတို့ အတူတူ ရွေးချယ်လို့ ဖြစ်တယ်။ မေတ္တာ၊ ဂရုဏာနဲ့ ရွေးချယ်ရတာဖြစ်တယ်။

    အစိုးရတွေ ဝင်လာတဲ့အခါမှာ ပြဿနာ စတာပဲ။

    မြန်မာနဲ့ ထိုင်းလို နိုင်ငံတွေမှာ နိုင်ငံတော်က တရားဝင် ဗုဒ္ဓဘာသာ အာဏာပိုင် အဖွဲ့အစည်းတွေ ဖန်တီးသတ်မှတ်လိုက်တယ်။ မကြာခဏဆိုသလို ထိပ်ဆုံးမှာ သက်တော်ကြီး ရဟန်း၊ အကျော်အမော်ဘုန်းကြီးတွေ ( မဟာသံဃနာယကများ) ရှိတယ်။ ဒီလို နိုင်ငံတော်က အတည်ပြုထားတဲ့ စုစည်းမှုဟာ တနိုင်ငံလုံးမှာ အရာတွေကို စနစ်တကျ လုပ်ဖို့ ကူညီတယ်။ ဒါပေမဲ့ အခုဟာက မူလဝိနည်းထဲမှာ ဘယ်တော့မှ မရည်ရွယ်ခဲ့တဲ့ ကွပ်ကဲမှုအလွှာ တခုကို ထပ်ပေါင်းထည့်လိုက်တာ ဖြစ်တယ်။

    ဒါက ပုစ္ဆာတခုကို ဖြစ်ပေါ်စေတယ်။ နိုင်ငံတော်ရဲ့ စပွန်ဆာနဲ့ ဗုဒ္ဓဘာသာ ပုံစံက ရဟန်းသူမြတ်တွေရဲ့ ကိုယ်ပိုင် စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အခါ ဘာဖြစ်မလဲ။ အစိုးရတွေက စည်းမျဉ်းတွေ သတ်မှတ်တဲ့အခါ ရဟန်းတွေ မူလကလို ကိုယ့်ကိုယ်ကိုယ် စစ်စစ်မှန်မှန် ဆက်အုပ်ချုပ်နိုင်ပါဦးမလား။ နိုင်ငံရေးမာယာရှင်တွေကတော့ ဘာသာဝင်အုပ်စုတွေကို သူတို့ဖောက်ပေးတဲ့လမ်းပေါ် တွန်းတင်တာပဲ။

    မည်သို့ပင်ဖြစ်စေ၊ အဲဒီနေရာတွေက မူလရည်ရွယ်ချက်ကို ပြောင်းလဲဖို့ စွမ်းအင်အကန့်အသတ်နဲ့သာ ရှိတာပါ။ ရလဒ်ကတော့ ရောထွေးနေတာပဲ။ ဘာသာရေး အပိုင်းတခု၊ နိုင်ငံရေး အပိုင်းတခု ပေါ်လာတာမျိုးပေါ့။ တခုနဲ့တခု ခွဲထုတ်ဖို့ အမြဲတမ်း မလွယ်ဘူး။ မင်းဆရာဖြစ်ချင်တဲ့ဘုန်းကြီး၊ ဘုရားဒကာ၊ ဘုရားလောင်းအဖြစ် တရားဝင်မှု လိုချင်တဲ့ ဘုရင်တွေနဲ့ မူလ လွတ်လပ်မှုကိုအခြေခံတဲ့ ရည်ရွယ်ချက်ဟာ ပါးလျလာတယ်။ လွတ်လပ်မှုဟာလည်း ဘဝနေနည်း မတတ်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ လွတ်လပ်ရတဲ့ ဝန်ကို မခံနိုင်သူတွေကလည်း ထိန်းချုပ်တဲ့ အာဏာနေရာတခုကို လိုလားကြတတ်တာမဟုတ်လား။

    ဗုဒ္ဓဘာသာ ရဟန်းများ ဗဟိုချုပ်ကိုင်မှုမရှိ အုပ်ချုပ်တဲ့စနစ်ရဲ့ အလှတရားကတော့ လူတွေကို တာဝန်ယူဖို့ ယုံကြည်တာပဲ။ ဒီထဲမှာ ဆွေးနွေးတာ၊ ဂရုစိုက်တာနဲ့ မျှဝေထားတဲ့ အားထုတ်မှုကို တန်ဖိုးထားတယ်။ ကလျာဏမိတ္တ (မိတ်ကောင်းစိတ်) ကို တန်ဖိုးထားတယ်။ အာဏာ ဒါမှမဟုတ် ကြောက်ရွံ့မှုကနေ တခြားသူတွေကို ထိန်းချုပ်တဲ့နည်းကို မယုံကြည်ဘူး။ အဲဒီအစား လူတွေကို စံနမူနာပြ နေထိုင်ဖို့နဲ့ တခြားသူတွေကိုလည်း ဒီလို လုပ်ဖို့ ကူညီဖို့ ဖိတ်ခေါ်တာ ဖြစ်တယ်။

    ဒါပေမဲ့ လှပတဲ့အရာတွေ အားလုံးလိုပဲ ဒါက ကြွတ်ဆတ်ပျက်စီးလွယ်တဲ့ အနေအထားလည်း ဖြစ်တယ်။ ရိုးသားမှုအခြေခံတဲ့ အားထုတ်မှုနဲ့ နားလည်မှု မရှိရင် ဒီစနစ်က အားနည်းသွားနိုင်တယ်။ ရဟန်းတွေအနေနဲ့ ဂိုဏ်းဖွဲ့၊ မစုဝေး၊ မပြောဆို၊ မဆင်ခြင်သုံးသပ်ကြရင် ဖွဲ့စည်းမှုက ပြိုကွဲသွားမယ်။ ပြင်ပအင်အားစုတွေ လွှမ်းမိုးရင် အဖွဲ့အစည်းက သူ့ရဲ့ လွတ်လပ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းမှုကို ဆုံးရှုံးနိုင်တယ်။

    ဒါတောင်မှ ဝိနည်းက မိမိတို့ကို ကောင်းမွန်တဲ့ အုပ်ချုပ်မှုဟာ ဗဟိုချုပ်ကိုင်မှုရှိဖို့ မလိုအပ်ဘူးဆိုတာ ပြန်သတိပေးနိုင်တယ်။ ဒါဟာ ဒေသအလိုက် လုပ်ရမှာ ဖြစ်နိုင်တယ်။ ဒါဟာ ပူးပေါင်းဆောင်ရွက်တာ ဖြစ်နိုင်တယ်။ ဒါဟာ လူသားဆန်တာ ဖြစ်နိုင်တယ်။ အာဏာလွန်ဆွဲမှုတွေနဲ့ ထိန်းချုပ်မှုတွေ ပြည့်နေတဲ့ ကမ္ဘာမှာ ဒီ ရှေးဟောင်းအတွေးအခေါ်တခုက လူတွေကို လူသားလွတ်လပ်မှုအကြောင်း သင်ကြားပေးနေပါတယ်။

  • Published on

    ဗုဒ္ဓဘာသာထဲက ပုဂ္ဂိုလ်မလိုတဲ့ ကိုယ်ကျင့်တရား


    ဝိနည်းရဲ့ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာပုံကို တည်ငြိမ်မှုမရှိတာအဖြစ်၊ ချက်ချင်းပေါ်ထွန်းလာတဲ့ စည်းမျဉ်းတခု မဟုတ်ဘဲ အစောပိုင်း ရဟန်း သံဃာအဖွဲ့ ရဲ့ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်ရင်း ပြောင်းလဲလာတဲ့ အသက်ဝင်နေတဲ့ ဘောင်တခုအဖြစ် မိမိတို့ ကြည့်ရအောင်။ ဒါဟာ အမှန်စင်စစ် "ဝိဘဇ္ဇ" အမြင်နဲ့ သက်ဆိုင်တယ်၊ အဲဒီမှာ ကျင့်စဉ်တွေနဲ့ အယူဝါဒတွေကိုတောင် တည်ငြိမ်တဲ့၊ ကိုယ်ပိုင် အနှစ်သာရကနေ ပေါ်ထွက်လာတာ မဟုတ်ဘဲ အခြေအနေတွေပေါ် မူတည်ပြီး ဖြစ်ပေါ်လာတာအဖြစ် မြင်တယ်။

    ဗုဒ္ဓဘာသာရဲ့ အနတ္တ (ကိုယ်ပိုင်တည်မြဲမှု မရှိ) ဆိုတဲ့ သွန်သင်မှုဟာ ဒီဝိဘဇ္ဇဘောင်ရဲ့ အဓိကပဲ။ ဒါက တည်မြဲတဲ့၊ မပြောင်းလဲတဲ့၊ ကိုယ်ပိုင် အတ္တ ဒါမှမဟုတ် စိတ်ဝိညာဉ် မရှိဘူးလို့ ဆိုတယ်။ မိမိတို့ အတ္တအဖြစ် ခံစားရတာဟာ အမြဲတမ်း ပြောင်းလဲနေတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေ ပေါင်းစပ်ထားတာ ဖြစ်တယ်။ ဒါက သဘာဝအတိုင်း မေးခွန်းတခု ဖြစ်ပေါ်စေတယ်- တည်မြဲတဲ့ အတ္တမရှိတဲ့နဲ့ ရည်မှန်းချက် ရှိတဲ့၊ မွေးရာပါ ကိုယ်ကျင့်တရား ဥပဒေတွေ မရှိတဲ့ ကမ္ဘာမှာ ကိုယ်ကျင့်တရား ကောင်းမွန်မှုနဲ့ ဝိနည်း လို စည်းမျဉ်းတွေကို လိုက်နာတာရဲ့ အခြေခံက ဘာလဲ။

    ဗုဒ္ဓဘာသာက ဒါကို ကံ ရဲ့ အချင်းချင်း ဆက်စပ်နေတဲ့ နိယာမတွေ၊ ဆင်းရဲခြင်း (ဒုက္ခ) နားလည်မှုနဲ့ နိဗ္ဗာန် (လွတ်မြောက်ခြင်း) ကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်းတယ်။

    မြင့်မြတ်တဲ့ အာဏာပိုင် တဦးက ချပေးတာ ဒါမှမဟုတ် လက်တွေ့ဘဝရဲ့ အနှစ်သာရထဲ ထွင်းထုထားတဲ့ ရည်မှန်းချက်ရှိတဲ့ ကိုယ်ကျင့်တရား ဥပဒေ တခုအစား ဗုဒ္ဓဘာသာက ကံ ကို ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းရင်းရဲ့ သဘာဝ ဥပဒေအဖြစ် တင်ပြတယ်။ ကံ ဆိုတာ စာသားအရ "အလုပ်" လို့ အဓိပ္ပာယ်ရတယ်၊ ဗုဒ္ဓဘာသာ အခြေအနေမှာ ဒါဟာ ကိုယ်၊ နှုတ်၊ စိတ် ရဲ့ ရည်ရွယ်ချက်ရှိတဲ့ အလုပ်တွေကို ရည်ညွှန်းတယ်။ ဒီ ရည်ရွယ်ချက်တွေဟာ အရေးကြီးတဲ့ အကြောင်းအချက်ပဲ။ ကောင်းတဲ့ ရည်ရွယ်ချက်တွေ (မတပ်မက်တာ၊ မမုန်းတာနဲ့ မတွေဝေတာမှာ အမြစ်တွယ်တယ်) က ကောင်းတဲ့ ရလဒ်တွေဆီ ဦးတည်စေပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေ (တပ်မက်တာ၊ မုန်းတာနဲ့ တွေဝေတာမှာ အမြစ်တွယ်တယ်) က မကောင်းတဲ့ ရလဒ်တွေဆီ ဦးတည်စေတယ်။ ဒီ ရလဒ်တွေ ဒါမှမဟုတ် ဝိပါက (အလုပ်ရဲ့ အသီးအပွင့်) ဟာ တဦးချင်းစီအတွက် ခံစားမှုအရ ပေါ်ပေါက်လာတယ်။

    အနတ္တအမြင်အရ ကံ ဟာ ပြင်ပစွမ်းအား တခု ဒါမှမဟုတ် တည်မြဲတဲ့ ဝိညာဉ် တခုအတွက် ပေးအပ်တဲ့ ဆုပေး အပြစ်ပေး စနစ်တခု မဟုတ်ဘူး။ ဒါ့အပြင် ဒါဟာ သံသရာ (လည်နေတဲ့ ဘဝ) ထဲက မိမိတို့ရဲ့ ခံစားမှုတွေကို ပုံဖော်တဲ့ အနုစိတ်တဲ့ အကြောင်းနဲ့ အကျိုး ဆက်နွယ်မှု ကွန်ရက်တခု ဖြစ်တယ်။ မိမိတို့ရဲ့ အလုပ်တွေက နောက်နောင် ခံစားမှုတွေကို လွှမ်းမိုးတဲ့ သဘာဝနဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်၊ ဒီဘဝမှာရော နောက်နောင် ဖြစ်မယ့် ဘဝတွေမှာပါပေါ့ (ဝိညာဉ် ကူးပြောင်းတာအဖြစ် မဟုတ်ဘဲ အကြောင်း ဆက်နွယ်မှု ဆက်လက်တည်ရှိတာအဖြစ် နားလည်ရမယ်)။

    အနတ္တအမြင်က မကောင်းတဲ့ စေ့ဆော်မှုကို အားနည်းစေတယ်။

    အနတ္တ ရဲ့ အယူဝါဒက မကောင်းတဲ့ အလုပ်တွေရဲ့ အခြေခံအုတ်မြစ်- ပုံသေ အတ္တအပေါ် စွဲလမ်းမှုကို အားနည်းစေခြင်းအားဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်မှုအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှု ရှိတယ်။ ဆင်းရဲဒုက္ခ အများစုနဲ့ ကိုယ်ကျင့်တရား မကောင်းတဲ့ အပြုအမူတွေဟာ ခိုင်မာတဲ့၊ ကိုယ်ပိုင် "ငါ" (ကာကွယ်ဖို့၊ ကျေနပ်အောင် လုပ်ဖို့နဲ့ အခိုင်အမာ ပြောဖို့ လိုအပ်တယ်) ဆိုတဲ့ မှားယွင်းတဲ့ ယုံကြည်မှုကနေ ဖြစ်ပေါ်လာတယ်။ တပ်မက်တာ၊ မုန်းတာနဲ့ တွေဝေတာတွေဟာ အဖြစ်မှန်ကို ဒီလို အခြေခံ မှားယွင်းစွာ နားလည်မှုကနေ ဖြစ်ပေါ်လာတာပဲ။

    အနတ္တကို နားလည်တာဟာ ခံစားမှုတွေကို နတ္ထိဝါဒ၊ ပျက်သုဉ်းဝါဒအရ ငြင်းဆိုတာ မဟုတ်ဘူး၊ ဒါဟာ မွေးရာပါ တည်ရှိမှုရဲ့ လစ်ဟာတဲ့ သဘာဝအပေါ် ထိုးထွင်းဉာဏ် ဖြစ်တယ်။ ကျင့်ကြံသူက တည်ငြိမ်တဲ့ အတ္တဆိုတဲ့ စိတ်ကူးယဉ်မှုကနေ မြင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုတဲ့ တပ်မက်မှုတွေနဲ့ မလိုလားမှုတွေရဲ့ ဖိအားက လျှော့သွားတယ်။ ကိုယ်ကျင့်တရား မကောင်းတဲ့ အလုပ်တွေအတွက် စေ့ဆော်မှုဟာ များသောအားဖြင့် ဒီ စိတ်ကူးယဉ် အတ္တကို အကျိုးပြုဖို့ ဒါမှမဟုတ် ကာကွယ်ဖို့ ရည်ရွယ်တာ ဖြစ်ပြီး ဒါက လျော့နည်းသွားတယ်။

    ဗုဒ္ဓဘာသာမှာ အဆုံးစွန် ရည်မှန်းချက်ကတော့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်ခြင်း (နိဗ္ဗာန်) ပဲ။ အရိယသစ္စာ လေးပါး က ဆင်းရဲဒုက္ခရဲ့ ပြဿနာ၊ သူ့ရဲ့ မူလအကြောင်း (တပ်မက်မှုနဲ့ စွဲလမ်းမှု၊ အဖြစ်မှန်ရဲ့ တကယ့် သဘာဝကို မသိမှုမှာ အမြစ်တွယ်တယ်၊ အနတ္တ ပါ ပါဝင်တယ်)၊ သူ့ရဲ့ ချုပ်ငြိမ်းမှုနဲ့ သူ့ရဲ့ ချုပ်ငြိမ်းရာ လမ်း (မဂ္ဂင်ရှစ်ပါး) ကို အကျဉ်းချုပ် ဖော်ပြတယ်။

    ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ အထူးသဖြင့် ရဟန်းတွေအတွက် ဝိနည်း ကို လိုက်နာတာနဲ့ လူပုဂ္ဂိုလ်တွေအတွက် ငါးပါးသီလ ကို လိုက်နာတာဟာ ဒီလမ်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းပဲ။ ဒါဟာ စိတ်ထင်ရာ ပုံသေ စည်းမျဉ်းတွေကို နာခံတာ မဟုတ်ဘဲ စိတ်ကို သန့်စင်စေတဲ့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေအတွက် ဆင်းရဲဒုက္ခ လျှော့ချပေးတဲ့နဲ့ ပိုပြီး နက်ရှိုင်းတဲ့ ထိုးထွင်းဉာဏ်နဲ့ လွတ်မြောက်ခြင်းအတွက် အခြေအနေတွေ ဖန်တီးပေးတဲ့ ကောင်းတဲ့ နေထိုင်နည်းတွေကို ပျိုးထောင်တာပဲ။

    ဝိနည်း ကို လိုက်နာတာဟာ ဒီ အမြင်အရ ဆိုရင် ကံ ကို နားလည်မှုနဲ့ နိဗ္ဗာန် ကို ရည်မှန်းတာမှာ အခြေခံတဲ့ ကိုယ့်ဆန္ဒနဲ့ လုပ်ဆောင်မှု ဖြစ်တယ်။ ရဟန်းတွေဟာ ပြင်ပ ဘုရားသခင်က အမိန့်ပေးလို့ ဒါမှမဟုတ် ထာဝရ ဝိညာဉ် တခုက အပြစ်ပေးခံရမှာမို့ ဒီစည်းမျဉ်းတွေကို ကတိကဝတ် ပြုတာ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့ဟာ လိုက်နာခြင်းက ဝိညာဉ်ရေးရာ ကျင့်စဉ်အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေတယ်၊ ထိခိုက်မှု လျှော့ချတယ် ပြီးတော့ ရဟန်း သံဃာအဖွဲ့အစည်း ထဲမှာ စုပေါင်း လွတ်မြောက်ခြင်းကို ရှာဖွေတာကို ကူညီတယ်ဆိုတာ သိရှိနားလည်လို့ပဲ။ စည်းမျဉ်းတွေကို စိတ်နဲ့ ခန္ဓာကို လေ့ကျင့်ဖို့၊ မကောင်းတဲ့ သဘာဝတွေကို တန်ပြန်ဖို့နဲ့ အနတ္တ ကို နားလည်ခြင်းနဲ့ ဆင်းရဲဒုက္ခကို အဆုံးသတ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တဲ့ သတိပဋ္ဌာန်၊ မေတ္တာနဲ့ ပညာတွေကို ပျိုးထောင်ဖို့ ကျွမ်းကျင်တဲ့ နည်းလမ်းတွေ (ဥပါယ်) အဖြစ် မြင်တယ်။

    အချုပ်အားဖြင့်၊ တည်မြဲတဲ့ အတ္တ မရှိတဲ့၊ ကိုယ်ကျင့်တရားမှာတောင် ငါဆိုတဲ့ ဒိဋ္ဌိကပ်ဖို့ ရည်မှန်းချက် မဟုတ်တဲ့  ဗုဒ္ဓဘာသာ ဘောင်ထဲမှာ ကံ ဟာ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်မှုတွေနဲ့ ခံစားမှုတွေကြား အကြောင်းနဲ့ အကျိုး ဆက်စပ်မှုကို နားလည်စေတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်မှုဟာ မကောင်းတဲ့ အလုပ်တွေက ဆင်းရဲဒုက္ခဆီ ဦးတည်စေတယ်၊ ကောင်းတဲ့ အလုပ်တွေက ကောင်းကျိုးချမ်းသာဆီ ဦးတည်စေတယ်ဆိုတာ သိရှိနားလည်မှုကနေ စေ့ဆော်တာ ဖြစ်တယ်။

    အနတ္တဟာ တည်ငြိမ်တဲ့ အတ္တ ဆိုတဲ့ စိတ်ကူးယဉ်မှုကို ဖျက်သိမ်းပေးတယ်။ ဒါဟာ ဆင်းရဲဒုက္ခ အများစုနဲ့ ကိုယ်ကျင့်တရား မကောင်းတဲ့ အပြုအမူတွေရဲ့ အဓိက အကြောင်းရင်းပဲ။ ကိုယ်ပိုင်တည်မြဲမှု မရှိဘူးဆိုတာ သိရှိနားလည်ခြင်းက မကောင်းတဲ့ အလုပ်တွေကို မောင်းနှင်တဲ့ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုတဲ့ စေ့ဆော်မှုတွေကို အားနည်းစေတယ်။

    နိဗ္ဗာန် (လွတ်မြောက်ခြင်း) ကို ရှာဖွေခြင်းက အကြီးမားဆုံး ရည်မှန်းချက်ကို ပေးတယ်။ ဝိနည်း ကို လိုက်နာတာနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် လုပ်တာဟာ စိတ်ကို သန့်စင်စေဖို့၊ ဆင်းရဲဒုက္ခ လျှော့ချဖို့နဲ့ အနတ္တ ရဲ့ အမှန်တရားကို နားလည်ခြင်းနဲ့ လွတ်မြောက်ခြင်းကို ရရှိဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်တဲ့ နည်းလမ်းတွေအဖြစ် မြင်တယ်။

    ဒါကြောင့် ဒီအခြေအနေမှာ စည်းမျဉ်းတွေကို ယုံကြည်ပြီး လိုက်နာတာဟာ ပြင်ပ အာဏာပိုင် တဦးအပေါ် ဒါမှမဟုတ် တည်မြဲတဲ့ အတ္တရဲ့ အမိန့်တွေအပေါ် ထုံအရိုးရှင်းတဲ့ ယုံကြည်မှုအပေါ် အခြေခံတာ မဟုတ်ဘဲ အကြောင်းနဲ့ အကျိုးကို လက်တွေ့ကျကျ နားလည်မှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုရဲ့ ပြောင်းလဲနိုင်စွမ်းနဲ့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်ခြင်းဆိုတဲ့ အဆုံးစွန် ရည်မှန်းချက်တွေအပေါ် အခြေခံတာ ဖြစ်တယ်။ စည်းမျဉ်းတွေဟာ အဖြစ်မှန်ရဲ့ လစ်ဟာတဲ့၊ အချင်းချင်း မှီခိုနေတဲ့ သဘာဝကို နားလည်ခြင်း လမ်းကြောင်းပေါ်က လမ်းညွှန် အမှတ်တွေနဲ့ လေ့ကျင့်တဲ့ ဘီးတွေလိုပဲ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ သတ္တဝါ အားလုံး အတွက် ကောင်းကျိုးချမ်းသာ ရစေမယ့် နေထိုင်နည်းကို ပျိုးထောင်ဖို့ ကူညီတာပေါ့။
  • Published on

    နိုင်ငံရေးမိတ်သဟာယစိတ်အား ဗဟိုပြု၍


    ဒီနေ့ခေတ်မှာ နိုင်ငံရေးကို ပြိုင်ပွဲနယ်ပယ် တခုအဖြစ် မြင်လာတာ ကျင့်သား ရနေပြီ။ ပြိုင်ဘက်ဝါဒတွေ အားပြိုင်ကြတယ်၊ အကျိုးစီးပွားတွေ ညှိနှိုင်းကြတယ်၊ ပြီးတော့ အောင်ပွဲတွေကို GDP လို ဂဏန်းတွေနဲ့ တိုင်းတာတာ များတယ်။ နိုင်ငံရေးဟာ ဗျူဟာတွေနဲ့ တွက်ချက်မှုတွေ၊ ဟောပြောမှုတွေနဲ့ ဆောင်ပုဒ်တွေ၊ အာဏာကို အတည်ပြုတာနဲ့ ခုခံတာတွေရဲ့ နေရာတခုလို့ မိမိတို့ ယူဆထားမိတယ်။ ဒါပေမဲ့ ဒီနိုင်ငံရေးလမ်းတလျှောက် အသံမထွက်ပေမယ့် အလွန်အမင်း အခြေခံကျတဲ့ စိတ်ကူးတခုအကြောင်း ပြောဆိုတာကို မိမိတို့ ရပ်လိုက်မိတယ်။ အဲ့ဒါက နိုင်ငံရေးမိတ်သဟာယစိတ်ပဲ။
     
    နိုင်ငံရေးမိတ်သဟာယဆိုတာ ညစာ အတူစားတာ ဒါမှမဟုတ် သီချင်းခံစားပုံ တူတာတွေကနေ ဖြစ်ပေါ်လာတဲ့ မိတ်ဆွေပုံစံမျိုး မဟုတ်ဘူး။ ပိုရှားပါးတဲ့၊ ပိုရှေးကျတဲ့၊ ပိုနက်ရှိုင်းတဲ့ ပုံစံမျိုး။ မိတ်ဆွေဖွဲ့မှုဟာ ဒီဖွံ့ဖြိုးတဲ့ အဓိပ္ပာယ်အရ ဆိုရင် တဦးနဲ့တဦး ဂရုစိုက်နိုင်စွမ်း ဖြစ်တယ်။ အကျိုးအမြတ်ကိုအမြဲကြည့်ဖို့ မဟုတ်ဘူး။ "မင်း ငါ့အတွက် ဘာလုပ်ပေးနိုင်လဲ" လို့ မမေးဘဲ "ငါတို့ အတူတူ ကောင်းကောင်းမွန်မွန် ဘယ်လို နေထိုင်နိုင်မလဲ" လို့ မေးတဲ့ စိတ်ဗီဇ ဖြစ်တယ်။ ဒါဟာ စာချုပ်တွေ ဒါမှမဟုတ် အဆင်ပြေမှုတွေမှာ အခြေခံတာ မဟုတ်ဘဲ ယုံကြည်မှုနဲ့ တခြားလူရဲ့ ဘဝဟာ (သူကကိုယ်နဲ့ မသိကျွမ်းသေးရင်တောင်၊ ရင်းနှီးမှု မရှိရင်တောင်မှ) အရေးကြီးသေးတယ်ဆိုတဲ့ ယုံကြည်မှုမှာ အခြေခံတယ်။ ဆိုလိုတာက နိုင်ငံရေးအရ တနိုင်ငံတည်း၊ လူထုတခုတည်း၊ တကမ္ဘာတည်း မျှဝေနေကြတာဖြစ်လို့ မိတ်ဆွေစိတ်ကို ဒီကနေဖြစ်တည်ရင် လက်ဖက်ရည် အတူတူသောက်ဖူးစရာကို မလိုဘူး။
     
    အကယ်၍ နိုင်ငံရေးဟာ သူ့ရဲ့ လူသားအဆန်ဆုံး အခြေအနေမှာ ရန်သူတွေကို စီမံခန့်ခွဲတာ မဟုတ်ဘဲ ဒီလိုမျိုး မိတ်ဆွေဖွဲ့မှုကို ပျိုးထောင်တာ ဖြစ်မယ်ဆိုရင် ခင်ဗျားဘာတွေးမိသလဲ။
     
    လူစိမ်းတွေကို ဂရုစိုက်ခြင်းရဲ့ ကျင့်ဝတ်ကို ပြောရအောင်။
    နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတဲ့ စကားစုမှာ တိတ်ဆိတ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တော်လှန်မှုတခု ပါဝင်တယ်။ ဒါက စိတ်ခံစားမှု ဒါမှမဟုတ် ဘဝထဲက အကြောင်းအရာမျှဝေတာတွေ မလိုအပ်ဘူး။ ဒါက ပိုရိုးရှင်းပေမဲ့ ပိုခက်ခဲတဲ့အရာတခုကို တောင်းဆိုတယ်။ ဘယ်တော့မှ မတွေ့ဖူးသေးတဲ့ လူတွေရဲ့ ကောင်းကျိုးကို မိမိတို့ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေထဲ ထည့်သွင်း ထားဖို့ပဲ။ သူတို့ကို တန်းတူညီမျှနဲ့ ရိုးသားစွာ ဂရုစိုက်မှု စက်ဝိုင်းထဲ ထည့်သွင်းဖို့ဖြစ်တယ်။
     
    အမြတ်အစွန်း၊ ကွဲပြားခြားနားခြင်းနဲ့ စွမ်းဆောင်ရည်တွေက ပုံဖော်နေတဲ့ ကမ္ဘာမှာ ဒါက မလွယ်ဘူး။ အင်စတီကျူးရှင်းတွေက၊ ဈေးကွက်တွေက၊ ကြောက်ရွံ့မှုကပါ ကျွန်တော်တို့ကို တွက်ချက်ဖို့၊ တန်ဖိုးကို တိုင်းတာဖို့၊ တခြားသူတွေကို သူတို့ရဲ့ အသုံးဝင်မှု ဒါမှမဟုတ် မိမိတို့ဘက်နဲ့ ကိုက်ညီမှုအပေါ် အခြေခံပြီး သတ်မှတ်ဖို့ လေ့ကျင့်ပေးထားတယ်။
     
    ဒါပေမဲ့ မိတ်ဆွေဖြစ်မှုဟာ နိုင်ငံရေးနိယာမတခုအနေနဲ့ အာဏာကို ခုခံနိုင်တယ်။ ဒါဟာ ငွေကြေးအမြတ်ရဖို့ ကုန်စည်လဲလှယ်တဲ့ ပုံစံမျိုး မဟုတ်ဘူး။ သဘောမတူတာနဲ့ ပျက်ပြယ်သွားတာ မဟုတ်ဘူး။ တခြားသူတွေအပေါ် ဂရုထားဖို့ တိုက်တွန်းတယ်။ ဒါကလည်း သူတို့က မိမိတို့နဲ့သရုပ်တူလို့ ဒါမှမဟုတ် သဘောတူလို့ မဟုတ်ဘဲ သူတို့က နိုင်ငံရေးမိတ်ဆွေနွေ ဖြစ်နေလို့ပဲ။
     
    မိမိတို့ဟာ တကယ်တမ်း အာဏာအကြောင်း မပြောဘဲ မိတ်ဆွေဖွဲ့မှုအကြောင်း မပြောနိုင်ဘူး။ မိတ်ဆွေဖွဲ့မှုဟာ ဟာလာဟင်းလင်း နေရာမှာ ကြီးထွားလာမှာ မဟုတ်ဘူး။ ဒါဟာ မိမိတို့ သူ့ပတ်ဝန်းကျင် တည်ဆောက်ထားတဲ့ အခြေအနေတွေမှာ ကြီးထွား ဒါမှမဟုတ် နွမ်းနယ်သွားတယ်။ တန်းတူမညီမျှမှု၊ ဖိနှိပ်မှု ဒါမှမဟုတ် သမိုင်းနဲ့ချီတဲ့ အကြမ်းဖက်မှုတွေ ရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာ မိတ်ဆွေဖွဲ့မှုဟာ နွေးထွေးတဲ့ ခံစားချက် သက်သက် မဟုတ်ဘူး၊ ဒါဟာ အာဏာ ပြန်လည် ဖြန့်ဝေတဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါက ခက်ခဲတဲ့ မေးခွန်းတွေ မေးတယ်- အသိအမှတ်ပြုမှု အခြေအနေတွေကို ဘယ်သူ သတ်မှတ်သလဲ။ ဘယ်သူ့ အသံကို နားထောင်သလဲ။ ဘယ်သူက ပိုင်ဆိုင်သလဲ။
     
    နိုင်ငံရေးမိတ်သဟာယဖြစ်မှု ကို ကျင့်သုံးတာဟာ ကြင်နာမှုတင် မဟုတ်ဘဲ တရားမျှတမှုအတွက်ပါ ကတိကဝတ် ပြုတာ ဖြစ်တယ်။ ဒါဟာ လူတချို့ကို အမြဲတမ်း အသံမဲ့အောင် ဖိထိန်းထားတဲ့ အလွှာစနစ်တွေကို ဖြိုဖျက်တာ ဖြစ်တယ်။ ဒါဟာ ဂရုစိုက်ပေးမှုတင် မဟုတ်ဘဲ စည်းလုံးညီညွတ်မှုကို ပေးတာ ဖြစ်တယ်။
     
    ပိုပြီး ကွဲပြားခြားနားလာတဲ့ အချိန်မှာ လူတွေကို တံဆိပ်တွေအဖြစ် လျှော့ချလိုက်တဲ့အခါ၊ နိုင်ငံရေးဟာ (လက်နက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) ပြည်တွင်းစစ် ပုံစံတခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတဲ့အခါ မိတ်ဆွေစိတ်ဟာ ခေတ်နောက်ကျနေတဲ့ ပုံပေါ်နိုင်တယ်။ ဒါပေမဲ့ ဒါဟာ မိမိတို့ အမှန်တကယ် လိုအပ်တဲ့အရာပဲ ဖြစ်နေနိုင်တယ်မဟုတ်လား။
     
    မိတ်ဆွေဖြစ်မှုဟာ နိုင်ငံရေးအရ နားလည်ရမယ်ဆိုရင် တခြားသူတွေကို ရန်သူတွေအဖြစ် ပုံသဏ္ဌာန် သတ်မှတ်တာကို ဆန့်ကျင်တဲ့ ခုခံမှု ဖြစ်တယ်။ ရှုပ်ထွေးမှုကို ပယ်ဖျက်ဖို့ ငြင်းဆန်ခြင်း ဖြစ်တယ်။ သဘောမတူတာတောင်မှ ဆွေးနွေးမှုကို အခိုင်အမာ တောင်းဆိုတယ်။ နိုင်ငံရေးဟာ မူဝါဒအဖြစ် ပုံဖော်ထားတဲ့ လွှမ်းမိုးမှုသက်သက်ပဲလို့ ယုံကြည်တဲ့ ထုံအရိုးရှင်းတဲ့ သွေးဆောင်မှုကနေ မိမိတို့ကို ကာကွယ်တယ်။
     
    နိုင်ငံရေး အားလုံးဟာ ယုံကြည်မှုဆိုတာအပေါ် အခြေခံတယ်။ ပြီးတော့ ယုံကြည်မှုဟာ မိတ်ဆွေဖြစ်မှုလိုပဲ ဥပဒေနဲ့ ပြဋ္ဌာန်းလို့ မရဘူး။ ဒါဟာ စောင့်ကြည့်မှု ဒါမှမဟုတ် ဆောင်ပုဒ်တွေနဲ့ တည်ဆောက်တာ မဟုတ်ဘူး။ ဒါဟာ ပုံမှန် ပါဝင်ခြင်း၊ နားထောင်ခြင်း၊ ထိခိုက်မှု ရှိကြောင်း သိမှတ်ခြင်းနဲ့ ထွက်မသွားခြင်းတို့ရဲ့ သည်းခံမှုရှိတဲ့ အလုပ်မှာ ဖြည်းဖြည်းချင်း ကြီးထွားလာတယ်။
     
    မိမိတို့ မိတ်ဆွေဖွဲ့မှု ဆုံးရှုံးတဲ့အခါ စိုးမိုးထိန်းချုပ်မှုကို ကျင့်သုံးတတ်ကြတယ်။ ပိုပြီး စည်းမျဉ်းတွေ များများ၊ ပိုပြီး ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ၊ ပိုထူတဲ့ နံရံတွေ လုပ်လာမယ်။ ဒါပေမဲ့ ဒါတွေ ဘယ်တခုကမှ လူတွေကို ဂရုစိုက်ဖို့ သင်မပေးဘူး။ လူမှုဆက်ဆံရေးတွေကသာ သင်ပေးတယ်။ ပြီးတော့ ဂရုစိုက်မှုရဖို့ ဖြစ်နိုင်ချေတောင် မရှိရင် နိုင်ငံရေးဟာ ငြိမ်းချမ်းရေးအတွက် နေရာတခု မဟုတ်တော့ဘူး။ ဒါဟာ စာရွက်စာတမ်းတွေနဲ့ စီမံခန့်ခွဲတဲ့ စစ်ပွဲတခု ဖြစ်လာတယ်။
     
    နိုင်ငံရေးမိတ်သဟာယဖြစ်မှုအကြောင်း ပြောတာဟာ သဘောတူညီမှု ဒါမှမဟုတ် သရုပ်တူညီတာကို တောင်းဆိုတာ မဟုတ်ဘူး။ တကယ်တော့ အကောင်းဆုံး မိတ်ဆွေဖွဲ့မှုတွေဟာ ပဋိပက္ခထဲမှာ ကြီးထွားတယ်။ မတူညီမှုနဲ့ သစ္စာစောင့်သိမှုကြား အမှန်မြင်ရဲတဲ့ တင်းမာမှုမှာပေါ့။ မိတ်ဆွေတွေဟာ သဘောမတူပေမဲ့ တယောက်ကို တယောက် စွန့်ပစ်တာ မရှိဘူး။ မသက်မသာ ဖြစ်တဲ့အခါမှာတောင် သူတို့ ဆက်ဆံပေါင်းသင်းနေနေကြတယ်။ ဆိုးတဲ့ သူငယ်ချင်းရှိလာရင် သူ့ကိုကူညီဖို့၊ ကောင်းလာအောင် ဝိုင်းလုပ်ပေးနိုင်ဖို့ တွေးကြတယ်။
     
    နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတာ စိတ်ကူးယဉ် ပြီးပြည့်စုံတဲ့ နိဗ္ဗာန်လိုနေရာတခု မဟုတ်ဘူး။ ဒါက ကျင့်စဉ်တခု ဖြစ်တယ်။ ဒါက နက်နဲတဲ့ ကွဲပြားမှုတွေကြား မျှဝေထားတဲ့ ဘဝတွေကို ဆက်လက် ညှိနှိုင်းဖို့ မိမိတို့ကို တောင်းဆိုတယ်။ ယုံကြည်မှုရဖို့ ခက်ခဲတဲ့အခါမှာတောင် တယောက်နဲ့ တယောက် ကတိကဝတ် ရှိနေဖို့ဖြစ်တယ်။ ပဋိပက္ခသဘောတရားကို ပြန်လည် စိတ်ကူးယဉ်ဖို့ ဖိတ်ခေါ်တယ်။ ပဋိပက္ခဟာ ဖယ်ရှားပစ်ရမယ့် ခြိမ်းခြောက်မှုတခုအဖြစ် မဟုတ်ဘဲ ဂုဏ်သိက္ခာကို ဆက်လက် ကာကွယ်နိုင်တဲ့ နေရာတခုအဖြစ် ပုံပြောင်းဖို့ဆိုပါတော့။
     
    ဘယ်သူက နိုင်ငံရေး မိတ်ဆွေ ဖြစ်ထိုက်သလဲ လို့လည်း မိမိတို့ မေးနိုင်တယ်။ လက်တွေ့မှာ လူတွေရဲ့ သနားကြင်နာမှုတောင်မှ နိုင်ငံ၊ လူမျိုး၊ ဘာသာ ဒါမှမဟုတ် ဝါဒကနေ မိမိတို့ အမွေရရှိတဲ့ နယ်နိမိတ်တွေကနေ ပုံဖော်ခံရတာပါပဲ။ ဒုက္ခရောက်တာနှစ်ခုတွေ့ရင်တောင် တချို့ကို ပိုကြည့်ဖို့လိုမျိုးပေါ့။ ဒါပေမဲ့ မိတ်ဆွေဖွဲ့မှုဟာ နိုင်ငံရေးကို ပြန်လည် အသက်သွင်းဖို့ ဆိုရင် အဲဒီ ကန့်သတ်မှုတွေကို ပြန်တွေးကြရမယ်။
     
    ဒါဟာ "ငါ ဘယ်သူ့ကို ဂရုစိုက်လဲ" လို့ မေးရုံတင် မဟုတ်ဘဲ "တခြားသူတွေကို ဘယ်လို ဂရုမစိုက်ဖို့၊ လျစ်လျူရှုမိဖို့ သင်ယူခဲ့ရလဲ" လို့ မိမိတို့ကို မေးဖို့ သင်ပေးရမယ်။ ပြီးတော့ အဲဒီ သင်ယူမှုကို ဖျက်သိမ်းတာ ဘာကို ဆိုလိုနိုင်မလဲ။
     
    Aristotle က တခါက မိတ်ဆွေဖြစ်မှုကို လူ့ဘဝရဲ့ အမြင့်မြတ်ဆုံး ကောင်းကျိုးလို့ ခေါ်ခဲ့တယ်။ ဒါက လွယ်လို့ မဟုတ်ဘူး။ မိမိတို့ဟာ တဦးတည်းသော သတ္တဝါတွေ မဟုတ်ဘူးဆိုတာ ဒါက မိမိတို့ကို သတိပေးတာပါပဲ။ မိမိတို့ဟာ အတူတူနေဖို့၊ ပူးပေါင်းဆောင်ရွက်နေထိုင်ဖို့ လူမှုသတ္တဝါတွေ ဖြစ်တယ်မဟုတ်လား။
     
    နိုင်ငံရေးဟာ ထိခိုက်အောင် လုပ်တာထက် ကုစားဖို့ ဖြစ်မယ်ဆိုရင် ဒီအရှိတရားကို ပြန်လည် ဖော်ထုတ်ရမယ်။ မိတ်ဆွေဖြစ်မှုဟာ စိတ်ခံစားမှုဆိုင်ရာ အလှဆင်မှုတခုအဖြစ် မဟုတ်ဘဲ လူ့လောက အခြေခံအုတ်မြစ် တခုအဖြစ်ဖန်တီးဖို့ ဖြစ်တယ်။ နိုင်ငံရေးမိတ်သဟာယစိတ်ဟာ နိုင်ငံရေးက မိမိတို့ကို တောင်းဆိုနိုင်တဲ့ အလိုအပ်ဆုံးအရာ ဖြစ်နိုင်တယ်။ ဒါဟာ အလွတ်မြောက်ဆုံးအရာလည်း ဖြစ်နိုင်တယ်။
     
    ဘာလို့လဲဆိုတော့ မိတ်ဆွေဖြစ်မှု ရှုထောင့်မှာ တရားမျှတမှုဟာ လူတွေကို ပြုပြင်တာ ဒါမှမဟုတ် လူတွေကို အနိုင်ရသူနဲ့ အရှုံးသမားတွေအဖြစ် ခွဲခြားတံဆိပ်ကပ်တာ မဟုတ်ဘူးလို့ သင်ပေးနိုင်လို့ပဲ။ ဒါဟာ နေရာတွေ မျှဝေတာ၊ လိုအပ်ချက်တွေကို ညှိနှိုင်းတာနဲ့ ဂုဏ်သိက္ခာကို ရွေးချယ်တာတွေမှာ အတူတူပူးပေါင်းလုပ်ကြဖို့ အကြောင်းပဲ။
     
    ဒီရှုထောင့်မှာ နိုင်ငံရေး မိတ်သဟာယစိတ်ဟာ အာဏာထက် ပိုပြီး၊ အမြတ်အစွန်းထက် ပိုပြီး နိုင်ငံရေးအတွက် အခြေခံကျတဲ့ စိတ်ကူးပဲ ဖြစ်တယ်မဟုတ်လား။
  • Published on

    ဗမာဇာတ်သွင်းခြင်း


    ကိုလိုနီခေတ်တုန်းကတော့ Burmanization ဆိုတဲ့ ဝေါဟာရကို ဗြိတိသျှ‌‌တွေ သုံးရာမှာ ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တခုအနေနဲ့ စတင်ခဲ့တယ်။ ဗမာဘာသာစကားနဲ့ ဓလေ့ထုံးတမ်းတွေကို အသုံးပြုပြီး အုပ်ချုပ်ရေးယန္တရားကို ဒေသခံတွေအတွက် ပိုမိုလက်တွေ့ကျအောင် ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တယ်။ ဗမာမှုပြုခြင်းလို့ ဆိုလိုတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီဖြစ်စဉ်ဟာ ပိုမိုရှုပ်ထွေးပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ဗျူဟာတခုအဖြစ် ပြောင်းလဲလာခဲ့တယ်။ ဒီနေ့မှာတော့ Burmanization ဆိုတာ ဗမာဇာတ်သွင်းခြင်းလို့ ဆိုလိုပြီး တနိုင်ငံလုံးကို ဗမာလက္ခဏာသွတ်သွင်းခြင်း၊ ဌာနေလူမျိုးတွေကို ဗမာ့သမိုင်း၊ ဗမာ့လက္ခဏာ၊ ဗမာ့နေနည်းကို ပဓာနထားလာအောင် ပြုလုပ်ခြင်းများအဖြစ် ဖိအားပေးတဲ့ လုပ်ငန်းစဉ်တခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါဟာ ဗမာမဟုတ်တဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ၊ နိုင်ငံရေးအမွေအနှစ်နဲ့ သင်္ကေတတွေကို ဗမာယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုအောက်မှာ ရပ်တည်ဖို့ နိုင်ငံတော်စပွန်ဆာနဲ့ ဖိအားပေးတဲ့ ဖြစ်စဉ်တခု ဖြစ်လာတယ်။

    ဗမာဇာတ်သွင်းခြင်းရဲ့ အူတိုင်က ဗဟိုချုပ်ကိုင်မှုနဲ့ ခွဲခြားလို့မရပါဘူး။ ဗဟိုချုပ်ကိုင်မှုဟာ နိုင်ငံရေးအာဏာတင်မကဘဲ အကြမ်းဖက်ခွင့်အာဏာကို လက်ဝါးကြီးအုပ်မှု၊ စီးပွားရေးအာဏာကို လက်ဝါးကြီးအုပ်မှုနဲ့ သမိုင်းဇာတ်ကြောင်းကိုလက်ဝါးကြီးအုပ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်တွေကို ဆိုလိုတယ်။ ဒီလိုနည်းလမ်းတွေကနေ အာဏာဟာ စစ်တပ်နဲ့ လူနည်းစုအထက်တန်းလွှာတွေလက်ထဲမှာ စုစည်းသွားပါတယ်။ ဗမာဇာတ်သွင်းခြင်းဆိုင်ရာ မူဝါဒတွေကို အားပေးတဲ့ နိုင်ငံတော်ဟာ ယဉ်ကျေးမှုကို အာဏာခိုင်မာစေဖို့ ကိရိယာတခုအနေနဲ့ အသုံးချပါတယ်။

    ဗမာဇာတ်သွင်းလိုက်တဲ့အခါ ဗမာမဟုတ်တဲ့ ဌာနေလူမျိုးတွေ ဗမာဖြစ်လာကြပါတယ်။ ဒီကနေ ဗမာလူထုအနေနဲ့ လူမှုရေးအရင်းအနှီးပိုရလာတယ်။ ဗမာစကားတတ်ခြင်းနဲ့ ဗမာ့လက္ခဏာက စီးပွားရေးအရင်းအနှီးနဲ့ စီးပွားရေး တန်ဖိုးတွေ ဖြစ်လာတယ်။ ဗမာတွေက ဥပဒေကို ပိုနားလည်နိုင်သလို ပိုချောင်ချိတယ်။ ယဉ်ကျေးမှုနဲ့ သမိုင်းမှာ စိုးမိုးနိုင်တယ်။ ဗမာတဦးဟာ သူ့ဖြစ်တည်မှုကို အတည်ပြုဖို့ မလိုဘူး။ ကျောင်းမှာ သင်တဲ့သမိုင်းနဲ့ အိမ်မှာသိတဲ့ သမိုင်းက အများကြီးမကွာဘူး။ လူမှုကွန်ရက်တွေ၊ မိတ်ဆွေတွေ၊ နားလည်မှုတွေ၊ အသက်မွေးဝမ်းကျောင်းရွေးမယ့် တက္ကသိုလ်ဝင်တန်းလို အချိန်မှာ ဗမာစာကို ဖြေရတဲ့အခါလို ကိစ္စနဲ့၊ မှတ်ပုံတင်လိုအရာတွေက အစ သိပ်ကြိုးစားစရာမလိုဘဲ ရနိုင်တယ်။ ဒီလိုအကျိုးတွေ အနည်းနဲ့အများရှိကြပါတယ်။

    ဗမာမှုပြုခြင်းရဲ့ နည်းလမ်းတွေဟာ စာပေ၊ ဗီဒီယို၊ ဂီတ၊ အနုပညာနဲ့ ပညာရေးဆိုင်ရာ ပစ္စည်းတွေကနေ စတင်ပြီး လူမှုရေး "စံနှုန်း" နဲ့ "ပုံသေလုပ်ငန်း" တွေကို ချမှတ်ခြင်းအထိ ကျယ်ပြန့်ပါတယ်။ ပြီးတော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စီးပွားရေးလွှမ်းမိုးမှုတွေကလည်း ဒီဖြစ်စဉ်ကို ထောက်ပံ့ပေးပါတယ်။ ဒီလိုနည်းနဲ့ နိုင်ငံတော်ဟာ ဌာနေတိုင်းရင်းသားလူမျိုးလက္ခဏာတွေကို ဖိနှိပ်ပြီး သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လုယက်ဝါးမြို ပုံသွင်းယူပါတယ်။ ရလဒ်အနေနဲ့ ဌာနေတိုင်းရင်းသားလူမျိုးတွေဟာ သူတို့ရဲ့ သမိုင်းကြောင်းနဲ့ ဝေးကွာလာပြီး စီးပွားရေးအရ ချို့တဲ့လာကာ မြေယာသိမ်းယူမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ ရင်ဆိုင်ရပြီး လူမှုရေးအရ ပြိုကွဲလာပါတယ်။

    ဗမာဇာတ်သွင်းခြင်းဟာ ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်တွေကို ပြောင်းလဲရုံသာမက လူ့အဖွဲ့အစည်းရဲ့ အခြေခံအဆောက်အအုံကိုပါ ပြောင်းလဲစေပါတယ်။ ရိုးရာအုပ်ချုပ်ရေးစနစ်တွေကို အားနည်းစေပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စိန်ခေါ်မှုတွေကို ဖယ်ရှားလိုက်တာကြောင့် မြေယာနဲ့ သယံဇာတတွေနဲ့ ပတ်သက်တဲ့ တရားရေးပြဿနာတွေကို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံတော်က မြေတွေသိမ်းလိုက်လို့ တခြားနိုင်ငံမှာ အလုပ်သွားလုပ်ရင်း လူကုန်ကူးခံကြရပါတယ်။ တခြားဒေသမှာ အလုပ်သွားလုပ်ရင်း တောရိုင်းဥပဒေသလိုပဲ အားနည်းသူတွေ နင်းပြားဖြစ်ကုန်ကြရပါတယ်။ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ ရပိုင်ခွင့်တွေ အားနည်းလာတာနဲ့အမျှ နိုင်ငံတော်ဟာ သတ္တု၊ သစ်နဲ့ ရေကဲ့သို့သော သဘာဝသယံဇာတတွေကို ပိုမိုလွယ်ကူစွာ ရယူနိုင်ပါတယ်။ ဒါဟာ စီးပွားရေးအရ ခေါင်းပုံဖြတ်ခံရခြင်းနဲ့ သယံဇာတတွေကို ထုတ်ယူခြင်းဆီ ဦးတည်သွားစေပါတယ်။

    စာရင်းချို့ ချကြည့်ပါမယ်။
    • မြေယာသိမ်းယူခြင်းနဲ့ နယ်မြေထိန်းချုပ်ခြင်း - ဌာနေတိုင်းရင်းသားလူမျိုးစုတွေရဲ့ မြေယာရပိုင်ခွင့်တွေကို ဖျက်သိမ်းလိုက်တာကြောင့် နိုင်ငံတော်အတွက် မြေယာသိမ်းယူဖို့ ပိုမိုလွယ်ကူလာပါတယ်။ 
    • သယံဇာတထုတ်ယူခွင့် - မြေယာအခွင့်အရေးတွေ မရှင်းလင်းတာကြောင့် သဘာဝသယံဇာတတွေကို နိုင်ငံတော်နဲ့ ကုမ္ပဏီတွေက လွယ်လွယ်ကူကူ ထုတ်ယူနိုင်ပါတယ်။ 
    • အာဏာစိန်ခေါ်မှုတွေကို ဖယ်ရှားခြင်း - ရိုးရာအုပ်ချုပ်ရေးစနစ်တွေကို အစားထိုးလိုက်တာကြောင့် နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုကို ဆန့်ကျင်တဲ့ အင်အားစုတွေ လျော့နည်းလာပါတယ်။ 
    • နိုင်ငံရေးဗဟိုချုပ်ကိုင်မှု - နိုင်ငံတော်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ အုပ်စုတွေနဲ့ ညှိနှိုင်းစရာမလိုဘဲ အာဏာကို စုစည်းနိုင်ပါတယ်။ 
    • တရားရေးစနစ်ရိုးရှင်းခြင်း - တရားဝင်စနစ်တခုတည်းကို အသုံးပြုတာကြောင့် လူမျိုးစုပေါင်းစုံနဲ့ စာချုပ်ချုပ်ဆိုဖို့ မလိုအပ်တော့ပါဘူး။ 
    • ယဉ်ကျေးမှုနဲ့ ဘာသာစကားဖျက်သိမ်းခြင်း - ဘာသာစကားနဲ့ ယဉ်ကျေးမှုမျိုးစုံကို ထိန်းသိမ်းဖို့ နိုင်ငံရဲ့ ကုန်ကျစရိတ်တွေ လျော့ကျသွားပါတယ်။ 
    • လူမှုသရုပ်ကိုုထိန်းချုပ်ခြင်း - နိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးစုတွေကို ခွဲခြားသတ်မှတ်ပေးတာကြောင့် သူတို့ရဲ့ စုပေါင်းခုခံမှုတွေ လျော့နည်းလာပါတယ်။ 
    • လုပ်သားအင်အား - ဌာနေတိုင်းရင်းသားလူမျိုးစုတွေဟာ လစာနည်းတဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ရပြီး အခြေခံစီးပွားရေးအုတ်မြစ်ကို ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် သူတို့လုပ်အားဟာ လုံလောက်အောင် အသိအမှတ်ပြုခံရတာမျိုးတောင် မရှိပါဘူး။
    • တိုင်းရင်းသားမြေယာအခွင့်အရေးလျော့နည်းခြင်း - ယဉ်ကျေးမှုအမှတ်ရမှုတွေ အားနည်းလာတာကြောင့် ဆုံးရှုံးသွားတဲ့ မြေယာတွေကို ပြန်လည်ရယူဖို့ ခက်ခဲလာပါတယ်။ 
    • အခြေချနေထိုင်သူတွေရဲ့ လွှမ်းမိုးမှုကို ပုံမှန်ဖြစ်စေခြင်း - နိုင်ငံတော်ရဲ့ တခုတည်းသော အမှတ်သညာဟာ ပုံမှန်ဖြစ်လာပြီး တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကွဲပြားမှုတွေ နောက်ချန်ခံရပါတယ်။ 
    • ခုခံမှုလှုပ်ရှားမှုတွေကို အားနည်းစေခြင်း - ယဉ်ကျေးမှုဆက်တိုက်မှု ပျက်သုဉ်းသွားတာကြောင့် သမိုင်းကြောင်းဆိုင်ရာအုတ်မြစ်ကနေ ယုတ္တိနဲ့ ခုခံမှုတွေ ပြတ်တောက်သွားပါတယ်။ 
    • ပညာရေးအတွင်းသို့ ဝါဒဖြန့်ခြင်း - နိုင်ငံတော်ရဲ့ ပညာရေးစနစ်ဟာဌာနေတိုင်းရင်းသားဗဟုသုတတွေကို နိုင်ငံတော်ရဲ့ တန်ဖိုးတွေနဲ့ အစားထိုးလိုက်ပါတယ်။ 
    • ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ - လွှမ်းမိုးတဲ့ ဗုဒ္ဓဘာသာကို အသုံးချပြီး အမျိုးသားရေး တည်ဆောက်သူတွေအတွက်ကို အားဖြည့်ပေးပါတယ်။ 
    • လူမှုဖူလုံရေးကုန်ကျစရိတ်လျော့ချခြင်း - ပေါင်းစည်းသွားတဲ့အတွက် တကွဲတပြားစီ တာဝန်ယူပေးရမယ့် လူမှုဖူလုံရေးကုန်ကျစရိတ်တွေ လျော့ကျသွားပါတယ်။ 
    • ယဉ်ကျေးမှုဝါးမြို အမြတ်ထုတ်ခြင်း - တိုင်းရင်းသားယဉ်ကျေးမှုတွေ အားနည်းလာတာနဲ့အမျှ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ပြန်လည်ထုတ်လုပ်ပြီး ခရီးသွားလုပ်ငန်းလို ဈေးကွက်တင်နိုင်ပါတယ်။ 
    • စစ်တပ်အင်အားဖြည့်တင်းခြင်း - ဗမာပင်မနိုင်ငံရေးအတွင်း ပေါင်းစည်းသွားတဲ့ လူတွေဟာ စစ်တပ်အတွက် လူအင်အားစုဆောင်းမှုမှာ တပ်သားတဦးချင်းဖြစ်စေ၊ BGF တို့လိုဖြစ်စေ ပါလာနိုင်တယ်။ 
    • ဇာတ်ကြောင်းထိန်းချုပ်ခြင်း - နိုင်ငံတော်ဟာ သမိုင်းကို ပြန်လည်ရေးသားပြီး အတွင်းဘက်လှည့်တဲ့ ကိုလိုနီလို လွှမ်းမိုးမှုစနစ်ကို သမိုင်းအရတိုးတက်မှုတခုအဖြစ် ပြသပါတယ်။ 
    • နိုင်ငံတကာဝေဖန်မှုလျော့ချခြင်း - ပုံစံအားဖြင့် တလုံးတည်း လူ့အဖွဲ့အစည်းဟာ လူနည်းစုအခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာဝေဖန်မှုတွေကို လျော့ချနိုင်ပါတယ်။ 
    • ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ်အောက်သို့ ဥပဒေအရ စုပ်ယူခြင်း - စုပေါင်းပိုင်ဆိုင်မှုတွေဟာ ခရိုနီနဲ့ လုပ်ငန်းကြီးတွေအတွက် ပုဂ္ဂလိကပိုင်ဆိုင်မှုစနစ်ကို ဦးတည်သွားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါတယ်။ 
    • အခွန်တိုးချဲ့ခြင်း - ပေါင်းစည်းသွားတဲ့ လူဦးရေဟာ အခွန်ငွေကို တိုးမြင့်စေပါတယ်။ 
    • လူမှုရေးခိုင်မာမှုလျော့ချခြင်း - ရိုးရာအထောက်အပံ့စနစ်တွေ ပြိုကွဲသွားတာကြောင့် နိုင်ငံတော်ဆိုတာကြီးအပေါ် မှီခိုလာရပါတယ်။ 
    • ယဉ်ကျေးမှုတမျိုးတည်းဖြစ်ခြင်း - တမျိုးတည်းသော ယဉ်ကျေးမှုဟာ ဗြူရိုကရက်တွေအတွက် စီမံခန့်ခွဲဖို့ ပိုမိုလွယ်ကူပါတယ်။ 
    • ဘာသာစကားပြန်လည်ထွန်းကားရေးကုန်ကျစရိတ်လျော့ချခြင်း - နိုင်ငံတော်ဟာ ဘာသာစကားမျိုးစုံကို ထောက်ပံ့ဖို့ စရိတ်တွေ မကုန်တော့ပါဘူး။ 
    • နိုင်ငံတော်အမှတ်တံဆိပ်ဖော်ထုတ်ခြင်း - တပြေးညီရောချထားတဲ့ ဇာတ်ကြောင်းဟာ နိုင်ငံတော်ကို ကမ္ဘာမှာ ပိုမိုရိုးရှင်းစွာ ဖော်ပြနိုင်ပါတယ်။ 
    • ဌာနေလူမျိုးတို့၏ စနစ်ကို အားနည်းစေခြင်း - ရိုးရာဥပဒေစနစ်တွေကို နိုင်ငံတော်ရဲ့ ဥပဒေစနစ်က အစားထိုးလိုက်ပါတယ်။ 
    • မြို့ပြချဲ့ထွင်မှုကို တင်းကြမ်းဒလဟောလုပ်ဆောင်ခြင်း - မြို့ပြတွေဟာ စီးပွားရေးမှီခိုမှုနဲ့ ထိန်းချုပ်မှုရဲ့ အချက်အချာဖြစ်လာပါတယ်။ 
    • ခုခံမှုကို ပုဂ္ဂလိကဘဝအတွင်းသို့ ရွှေ့ပြောင်းခြင်း - တိုင်းရင်းသားနိုင်ငံရေးအမှတ်သညာဟာ ရိုးရာဓလေ့တခုအဖြစ် ပြောင်းလဲသွားပါတယ်။ 
    • အဖေလိုစိုးမိုးတဲ့ တရားဝင်မှု - နိုင်ငံတော်ဟာ သူ့ရဲ့ တရားဝင်မှုနဲ့ ဆုံးဖြတ်ချက်လုပ်ရပ်တွေကို "တရားဝင်မှုရှိတဲ့" မစ်ရှင်အဖြစ် ဖော်ပြပါတယ်။ 
    • ဌာနေလူမျိုးညီညွတ်မှုကို ဖြိုခွဲခြင်း - ဌာနေလူမျိုးတွေကို လူမျိုးစုအုပ်စုငယ်တွေအဖြစ် ကွဲပြားမှုတွေ ဖန်တီးလိုက်တာကြောင့် သူတို့ရဲ့ စုပေါင်းလှုပ်ရှားနိုင်မှုတွေ အားနည်းလာပါတယ်။ 
    • နိုင်ငံတကာအဖွဲ့အစည်းတွေကဏ္ဍ - တညီတညွတ်တည်းဖြစ်တဲ့ လူ့အဖွဲ့အစည်းဟာ နိုင်ငံတကာမှာ တည်ငြိမ်ပြီး တိုးတက်မှုရှိတဲ့ အသွင်အပြင်ကို ဖော်ပြပါတယ်။

    တချို့ ဌာနေတိုင်းရင်းသားလူတွေဟာ ရှင်သန်ဖို့ ဗမာအမှတ်သညာကို လက်ခံကြပေမယ့်၊ အများစုကတော့ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအမွေအနှစ်ကို ကာကွယ်ဖို့ လက်နက်ကိုင်တော်လှန်ရေးတွေအထိ ပြုလုပ်ကြပါတယ်။ ဒီအတွင်းပိုင်းပဋိပက္ခတွေဟာ ဗမာအများစုနဲ့ တိုင်းရင်းသားလူနည်းစုတွေကြားမှာ နားလည်မှုလွဲမှားမှုတွေနဲ့ တင်းမာမှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် တိုင်း ၇ ခုခွဲထားလို့ ဗမာဦးဆောင်မှု ဗမာ့တာဝန်ခံမှုဟာ ခေါင်းကွဲပြီး တစုတစည်းတည်း နိုင်ငံရေးအာဏာကိုင်သူဟာ စစ်တပ်သာလျှင် ဖြစ်လာပါတယ်။ ကျန်တာအားလုံးဟာ စစ်တပ်နဲ့ အာဏာလုဘက်သာ ဖြစ်လာပြီး ဗမာလူထုဘက်မှာ တာဝန်ခံနိုင်မှု မရှိတော့ပါဘူး။

    တကယ်တမ်း ဗမာမှုပြုခြင်းရဲ့ အဓိကအကျိုးကျေးဇူးခံစားသူတွေဟာ သာမန်ပြည်သူတွေ မဟုတ်ဘဲ စီးပွားရေးအလွှာနဲ့ နိုင်ငံအီလစ်တွေပါ။ စစ်တပ်ဟာ အာဏာနဲ့ အမြတ်အစွန်းတွေကို တိုးချဲ့ပြီး ဒီဖြစ်စဉ်ကို အသုံးချကာ စီးပွားရေးအကျိုးအမြတ်တွေ ရယူပါတယ်။ အုပ်စုနဲ့ပတ်သက်သူတွေဟာ မယှဉ်နိုင်တဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ရရှိပြီး ဗမာနိုင်ငံရေးသမားတွေဟာ အဖေလိုပုံ တရားဝင်မှုကို အသုံးချပြီး အာဏာတည်ဆောက်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာလည်း လူမျိုးစုပေါင်းစုံနဲ့ လုပ်ကိုင်ရမယ့်အစား ဗဟိုချုပ်ကိုင်မှုရှိတဲ့ နိုင်ငံတော်နဲ့ လုပ်ကိုင်ရတာ ပိုမိုလွယ်ကူပါတာမို့ ရောချကြပါတယ်။ အီလစ်တွေအတွက် အကျိုးအရှိဆုံးဖြစ်ပါတယ်။

    အတိုချုပ်ပြောရရင် ဗမာမှုပြုခြင်းဟာ ယဉ်ကျေးမှုကွဲပြားမှုကို နိုင်ငံရေးနဲ့ စီးပွားရေးထိန်းချုပ်မှုအတွက် လက်နက်အဖြစ် အသုံးချတဲ့ ဗျူဟာတခုပါ။ ဒါဟာ ဗဟိုချုပ်ကိုင်မှုရဲ့ ကိရိယာတခုဖြစ်ပြီး အာဏာရှင်တွေက အုပ်ချုပ်ရေးကို ရိုးရှင်းအောင်၊ သယံဇာတတွေကို ထိန်းချုပ်ဖို့နဲ့ ဇာတ်ကြောင်းတွေကို ပြန်လည်ရေးသားဖို့ အသုံးပြုပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ဖျက်သိမ်းလိုက်ပါတယ်။ ဒီစနစ်ဟာ အပေါ်ယံမှာ ဗမာလူထုကို အနည်းနဲ့အများ အကျိုးရှိစေတယ်လို့ မြင်ရပေမယ့် ဒီကနေ အီလစ်တွေက အကျိုးအမြတ်ရသလို စစ်တပ်က ပြည်တွင်းစစ်ကိုပြပြီး တရားဝင်မှုကို ထုတ်လုပ်သလို စစ်သားလည်း စုဆောင်းပါတယ်၊ စီးပွားရေးအမြတ်လည်း ရှာပါတယ်။ ဒါတွေက ရေရှည်မှာ ဗမာလူထုအတွက်လည်း ပြန်ထိခိုက်ပါတယ်။ မြန်မာမှာ ဒီပြဿနာဟာ လှိုက်စားနေပြီး ဖြေရှင်းရမယ့် အနာဆွေး ဖြစ်ပါတယ်။
  • Published on

    ဘုံကောင်းကျိုး၏ အခရာဖြစ်မှု

    ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆဟာ သဘောအားဖြင့် ပိုပြီး အရေးကြီးလာနေပေမဲ့ များသောအားဖြင့် လျစ်လျူရှု ခံနေရတယ်။ ဒါကို မိမိတို့ ပြန်လေ့လာကြည့်ရအောင်။

    အကျဉ်းချုပ် ပြောရရင် ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆဟာ ရှေးခေတ် ဂရိနဲ့ ရောမ ဒဿနပညာရှင်တွေရဲ့ အတွေးအခေါ်တွေမှာ အမြစ်တွယ်နေတယ်။ Plato နဲ့ Aristotle တို့ဟာ သူတို့ လူ့အဖွဲ့အစည်းတွေကို အုပ်ချုပ်ဖို့ ကိုယ်ကျင့်တရား နိယာမတွေနဲ့ ထိရောက်တဲ့ နည်းလမ်းတွေအဖြစ် သူတို့ ယူဆတာတွေကို ထောက်ခံခဲ့ကြတယ်၊ ဒီ စိတ်ကူးတွေဟာ နောက်ပိုင်းမှာ 'ဘုံကောင်းကျိုး' နဲ့ ဆက်စပ်လာတယ်။ Cicero နဲ့ St. Augustine တို့ရဲ့ ဘုံကောင်းကျိုး အပေါ် စိတ်ကူးတွေဟာ ငြိမ်းချမ်းရေးနဲ့ လူမှုရေးအစီအစဉ်ကျနမှု ကို ရည်ရွယ်ပေမဲ့ လူတိုင်း ဖွံ့ဖြိုးတိုးတက်ဖို့ အခြေအနေတွေ ဖန်တီးပေးဖို့ နိုင်ငံတော်ရဲ့ တာဝန်လို့ သူတို့ မယူဆခဲ့ဘူး။ Thomas Aquinas က သူ နားလည်တဲ့ 'ဘုံကောင်းကျိုး' ကို သူ့ရဲ့ ဘာသာရေးဘောင်ထဲမှာ နိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှုနဲ့ ချိတ်ဆက်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အမြင်က လူမှုရေး ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုအပ်တယ်ဆိုတာ ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ဘူး။ Hobbes၊ Locke နဲ့ Bentham လို ဒဿနပညာရှင်တွေက ဘုံကောင်းကျိုးကို ပုဂ္ဂလိက အကျိုးစီးပွားတွေရဲ့ ပေါင်းစုအဖြစ် မြင်ခဲ့ကြတယ်၊ ဒါက ပုဂ္ဂလဝါဒဆီ ဦးတည်စေခဲ့တယ်။

    ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းတွေမှာ ဈေးကွက်လစ်ဘရယ်ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒကြား ပဋိပက္ခတွေကြားမှာ ကက်သလစ် ဘုရားကျောင်းရဲ့ လူမှုရေး သွန်သင်မှုတွေက ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆကို ပြန်လည် အသက်သွင်းခဲ့တယ်။ ပုပ်ရဟန်းမင်းကြီး Leo XIII နဲ့ Pius XI တို့ဟာ လူသား ဂုဏ်သိက္ခာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ လူမှု တရားမျှတမှုတွေကို အလေးထား ဆွေးနွေး/စဉ်းစားပါတယ် ။ ပုပ်ရဟန်းမင်းကြီး John XXIII က ဘုံကောင်းကျိုးကို ပိုပြီး ကျယ်ပြန့်စွာ သတ်မှတ်ခဲ့တယ်၊ ပုဂ္ဂလိက အခွင့်အရေးတွေ ကာကွယ်ဖို့၊ လူမှုရေး အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့နဲ့ အစိုးရ ဝင်ရောက် စွက်ဖက်တာကို လက်ခံဖို့ တိုက်တွန်းခဲ့တယ်။

    ဒါ့အပြင် ဒုတိယ ဗာတီကန် ကောင်စီက ဘုံကောင်းကျိုး ဆိုတဲ့ အယူအဆကို ထပ်မံ ရှင်းလင်းခဲ့ပြီး လူသား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည့်စုံမှု မြှင့်တင်ပေးတဲ့ အခြေအနေတွေကို ကာကွယ် မြှင့်တင်ရာမှာ အစိုးရ အာဏာပိုင်တွေနဲ့ အေဂျင်စီတွေရဲ့ အခန်းကဏ္ဍကို အသေးစိတ် ဖော်ပြခဲ့တယ်။ ပုပ်ရဟန်းမင်းကြီး Paul VI က ဘုံကောင်းကျိုးနဲ့ ဆန့်ကျင်စွာ ပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးတွေ သုံးစွဲတာကို သတိပေးခဲ့တယ်။ သူက နိုင်ငံတကာ တာဝန်တွေအပေါ် ပိုပြီး အလေးထား ဆွေးနွေး/စဉ်းစားပါတယ် ၊ "လူမှုရေး ပြဿနာဟာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတခု ဖြစ်လာပြီ" လို့ ကြေညာခဲ့တယ်။
    ဒီအချိန်အထိ ဘုံကောင်းကျိုး အပေါ် အမြင်ဟာ ခရစ်ယာန် ဘာသာရေး ဦးစားပေး ဖြစ်နေတယ်လို့ သင် ထင်နိုင်တယ်။
    မိမိတို့ဟာ Aristotle၊ Rousseau နဲ့ John Rawls တို့ရဲ့ အတွေးအခေါ်တွေအပေါ် အခြေခံပြီး ဘုံကောင်းကျိုးကို ဆွေးနွေးပါမယ် ။
    Aristotle ရဲ့ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဆိုတဲ့ စိတ်ကူးဟာ ကျွန်တော်တို့ 'နိုင်ငံရေး' လို့ တံဆိပ်တပ်ထားတဲ့အရာမှာ ပူးပေါင်းဆောင်ရွက်မှုအကြောင်း တွေးခေါ်ဖို့ မဟာဗျူဟာကျကျ အသုံးဝင်တဲ့ အခြေခံတခုကို ပေးတယ်။ ဒီ စိတ်ကူးက ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တခု တည်ဆောက်ဖို့အတွက် နိုင်ငံသားတွေကြား အချင်းချင်း နားလည်မှု၊ လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်တွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ အကြံပြုတယ်။ နိုင်ငံရေးမိတ်သဟာယဖြစ်မှု ဟာ နိုင်ငံသားတွေကြား ပုဂ္ဂိုလ်ရေးရင်းနှီးမှု၊ ယုံကြည်မှုနဲ့ သစ္စာစောင့်သိမှုတွေကို မြှင့်တင်ပေးတယ်၊ ဒါတွေက တည်ငြိမ်ပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်ဖို့ အထောက်အကူ ဖြစ်စေတယ်။
    ဒါကြောင့် Rousseau ရဲ့ General Will Theory က လူ့အဖွဲ့အစည်း တခုရဲ့ အထွေထွေ ဆန္ဒကို ကိုယ်စားပြုတယ်။ ဒီ အယူအဆက လူတိုင်းဟာ ကိုယ့် အကျိုးစီးပွားထက် ပိုပြီး အဖွဲ့အစည်း တခုလုံးရဲ့ ကောင်းကျိုးကို ရှာဖွေလိုစိတ် ရှိတယ်လို့ ယူဆတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေရဲ့ ပေါင်းစုထက် ပိုတယ်။ သူ့ရဲ့ "Discourses on Political Economy" မှာ ဒါက လူတိုင်းကို အကျိုးပြုပြီး ဘယ်သူ့ကိုမှ ဖယ်ထုတ်တာ မရှိတဲ့အတွက် General Will ဟာ တရားမျှတမှုကို ရရှိနိုင်တယ်လို့ သူက ငြင်းခုံတယ်။ ဒီ သီအိုရီက လူတိုင်းရဲ့ အခွင့်အရေးတွေနဲ့ လိုအပ်ချက်တွေ၊ လူနည်းစု အသံတွေပါ ပါဝင် စဉ်းစားပြီး ပိုပြီး ပြည့်စုံတဲ့ ဘုံကောင်းကျိုး ကို ဖြစ်နိုင်စေတယ်။
    နောက်ပိုင်းမှာ John Rawls ရဲ့ အယူအဆတွေဟာ ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတွေအတွက် အထူး အရေးကြီးလာတယ်။ နိုင်ငံရေးအရစည်းလုံးညီညွတ်မှုက မတူညီတဲ့ အုပ်စုတွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုကို မြှင့်တင်ပေးတယ်။ တန်းတူဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ လူသိရှင်ကြား ကျိုးကြောင်း ဆင်ခြင်မှု (သူ့ ဘာသာစကားအရ Veil of Ignorance) က ဆုံးဖြတ်ချက်ချရာမှာ ကျိုးကြောင်း ဆီလျော်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုတို့ကို အားပေးတယ်။ ဒီ အယူအဆတွေက အားလုံး ပါဝင်ပြီး အားလုံး လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ကူညီတယ်။

    ဒီ ဒဿနပညာရှင်တွေရဲ့ စိတ်ကူးတွေကို ပေါင်းစပ်လိုက်ရင် အောက်ပါ အစိတ်အပိုင်းတွေ ပါဝင်တဲ့ အယူအဆ တခုအဖြစ် ဘုံကောင်းကျိုးကို မဟာဗျူဟာကျကျ သတ်မှတ်နိုင်တယ် -
    က) အားလုံးကို အကျိုးပြုတာ - ဘုံကောင်းကျိုးဟာ လူ့အဖွဲ့အစည်းထဲက လူတိုင်းကို အကျိုးပြုရမယ်။ ဆင်းရဲချမ်းသာမှု၊ ပညာရေး၊ လူမျိုး ဒါမှမဟုတ် ဘာသာ မခွဲခြားဘဲ လူသား အားလုံးရဲ့ ဘဝ အရည်အသွေးကို မြှင့်တင်ပေးရမယ်။
    ခ) တရားမျှတမှု - ဘုံကောင်းကျိုးဟာ လူတန်းစား တခု ဒါမှမဟုတ် အုပ်စု တခုကို ဦးစားမပေးဘဲ လူ့အဖွဲ့အစည်း တခုလုံးအတွက် တရားမျှတတဲ့ အကျိုးကျေးဇူးတွေ ဖန်တီးပေးရမယ်။ ဒါက လူထုယုတ္တိဆင်ခြင်မှုပေါ် အခြေခံပြီး အခွင့်အလမ်းတွေ၊ အရင်းအမြစ်တွေနဲ့ ဝန်ဆောင်မှုတွေကို တရားမျှတစွာ ခွဲဝေပေးခြင်းအားဖြင့် တရားမျှတမှုကို မြှင့်တင်ပေးရမယ်။
    ဂ) ဘက်ပေါင်းစုံ ပါဝင်နိုင်မှု - ဘုံကောင်းကျိုးဟာ ဘယ်သူ့ကိုမှ ဖယ်ထုတ်ထားလို့ မရဘူး။ ဒါက လူနည်းစုတွေ၊ ဖယ်ကြဉ်ခံထားရတဲ့ အုပ်စုတွေနဲ့ အားနည်းတဲ့ လူတန်းစားတွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုတွေကို ထည့်သွင်း စဉ်းစားရမယ်။ လူတိုင်း ပါဝင် ဆောင်ရွက်နိုင်ဖို့ လူမှုရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဖန်တီးပေးရမယ်။
    ဃ) ရေရှည် တည်တံ့ခိုင်မြဲမှု - ဘုံကောင်းကျိုးဟာ လက်ရှိ မျိုးဆက်ကိုတင် မဟုတ်ဘဲ နောင် အနာဂတ် မျိုးဆက်တွေကိုပါ အကျိုးပြုရမယ်။ ဒါက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုရေး တည်ငြိမ်မှုတို့ကို အာရုံစိုက်ရမယ်။
    င) ပူးပေါင်းဆောင်ရွက်မှုကို အားပေးတာ - ဘုံကောင်းကျိုးဟာ လူ့အဖွဲ့အစည်းထဲမှာ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးမှု၊ မိတ်ဆွေဖြစ်မှုနဲ့ အချင်းချင်း နားလည်မှုကို မြှင့်တင်ပေးရမယ်။ ဒါက စုပေါင်း ပြဿနာ ဖြေရှင်းတာနဲ့ အတူတကွ ပန်းတိုင် အောင်မြင်အောင် ကြိုးစားတာကို အားပေးရမယ်။

    နိဂုံးချုပ်အနေနဲ့ ဘုံကောင်းကျိုးဟာ "ပုံသေ" မဟုတ်ဘဲ လူ့အဖွဲ့အစည်း တခုရဲ့ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနဲ့ သာယာဝပြောမှုအတွက် အရေးကြီးတဲ့ အယူအဆတခု ဖြစ်တယ်။ လူတိုင်းရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်း စဉ်းစားဖို့နဲ့ လက်ရှိနဲ့ နောင် အနာဂတ် မျိုးဆက်တွေရဲ့ အကျိုးအတွက် ဆုံးဖြတ်ချက်ချတာကို လမ်းညွှန်ဖို့ အရေးကြီးတယ်။ ဘုံကောင်းကျိုး ရဲ့ ခွန်အားဟာ စိန်ခေါ်မှု ရှိတဲ့ စံနမူနာ ဖြစ်ပေမဲ့ ကွဲပြားမှုတွေကြား ပြန်လည် ညှိနှိုင်းနိုင်တာမှာ တည်ရှိတယ်။ ဒါဟာ လူသား လုပ်ဆောင်နိုင်စွမ်း လိုအပ်တာကို စုပေါင်း အသက်ရှင်ရပ်တည်မှုနဲ့ ချိန်ညှိဖို့ မဟာဗျူဟာကျတဲ့ ဘောင်တခု ဖြစ်တယ်၊ ပုံသေအဆုံးသတ် အမှတ်တခု မဟုတ်ဘူး။ ဘက်ပေါင်းစုံ ပါဝင်နိုင်တဲ့ ဘုံကောင်းကျိုး(များ) မူဘောင်ဆီ ဦးတည်တဲ့ လူ့အဖွဲ့အစည်း တခုဟာ ပိုပြီး တရားမျှတတဲ့၊ စည်းလုံးတဲ့နဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ အနာဂတ်ကို ရရှိနိုင်တယ်။ မိမိတို့ဟာ မိသားစု၊ နိုင်ငံတော် ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းလို လူမှုရေး ဖွဲ့စည်းပုံတွေရဲ့ မတူညီတဲ့ အဆင့်တွေမှာလည်း ဘုံကောင်းကျိုးအတွက် ကြိုးစားရပါလိမ်မယ်။